ဘယ်အသင်းမှာ ပွဲတိုင်း မနိုင်ဘူး၊ အထူးသဖြင့် ပရီးမီးယားလိဂ်မှာပေါ့ လို့ ဂွာဒီယိုလာ ပြော
ဂွာဒီယိုလာရဲ့ မန်စီးတီး အသင်းဟာ ၁၅ ပွဲဆက် ရှုံးပွဲမရှိခဲ့ပဲ ရပ်တန့်လို့မရနိုင်သလို ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ အပတ် ကွန်တီရဲ့စပါးနဲ့ အတွေ့မှာ ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ တဖက်မှာ လီဗာပူးကတော့ နောဝစ်ချ်ကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံ လမ်းကြောင်းက အကြိတ်အနယ် ဖြစ်လာပါတယ်။
ဇယားထိပ်က စီးတီးဟာ ၆ မှတ်သာ ဖြတ်ထားနိုင်တော့ပြီး လီဗာပူးမှာ ပွဲကျန်တစ်ပွဲ ကစားဖို့ရှိသေးသလို နှစ်သင်း ထိပ်တိုက်တွေ့ဖို့လဲ ရှိသေးတာကြောင့် အခြေအနေက ပြောင်းလဲသွားနိုင်ခြေ ရှိနေပါသေးတယ်။
ဂွာဒီယိုလာ ကတော့ ဘယ်အသင်းမှ အမြဲတမ်း ပွဲတိုင်း အနိုင်မရနိုင်ဘူးလို့ ဆိုခဲ့သလို ပရီးမီးယားလိဂ် ဖလားကို ကာကွယ်ဖို့ အမှတ်တွေ အများကြီး ရမှ ဖြစ်မယ်လို့လည်း သတိပေး ပြောဆိုခဲ့ပါတယ်။

“ဇန်နဝါရီ ဒါမှမဟုတ် ဖေဖော်ဝါရီလောက်မှာ ဘယ်သူကမှ အမြဲတမ်း အနိုင်မရပါဘူး။ အထူးသဖြင့် ဒီလို ပရီးမီးယားလိဂ် မှာပေါ့။ အောက်ခြေက အသင်းတွေက အနိုင်ရနိုင်တယ်။ ဘာလို့လဲဆိုတော့ အသင်းတိုင်းက အရာ အာားလုံး အတွက် တိုက်ပွဲဝင်နေရတာပါ။
ဒါက ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ အဲ့ဒါကြောင့်ပဲ ပွဲတွေကို ရသလောက် အနိုင်ယူဖို့လိုတယ်။ ဒီနေ့မှာ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တယ်။ သရေရဖို့ နီးစပ်ခဲ့ပြီး နိုင်ပွဲတောင် ရချင်ရနိုင်ဖွယ် ရှိခဲ့ပေမယ့် အဆုံးသတ်မှာ ကျရှုံးခဲ့တယ်။ ကောင်းမွန်တဲ့ လေ့ကျင့်ရေး အစီအစဉ်တွေနဲ့ ဒီတစ်ပတ်မှာ ကျွန်တော်တို့ ပြန်လာမှာဖြစ်ပြီး နောက်ပွဲအတွက် ပြင်ဆင်သွားမှာပါ။
ပွဲတိုင်းကို အနိုင်ရဖို့ တိုက်ပွဲဝင်ရမယ်။ ချန်ပီယံဖြစ်ဖို့ အမှတ်တွေ အများကြီးလိုတယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ ဒါကြောင့် အမှတ်တွေ အများကြီးရဖို့ ကျွန်တော်တို့ လုပ်ရမှာပါ”လို့ ဂွာဒီယိုလာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
