ရုရှားကို တွန်းလှန်ဖို့ ယူကရိန်းသားတွေ လက်မြှောက် အရှုံးပေးမှာ မဟုတ်ဘူးလို့ ဇင်ချန်ကို ပြော
ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းရဲ့ ယူကရိန်း ကစားသမား ဇင်ချန်ကိုက ဇာတိမြေကို ပြန်လိုစိတ် ပြင်းပြနေပေမယ့် မိသားစုကြောင့် ဗြိတိန်မှာ ဆက်နေနေတာပါလို့ ဖွင့်ဟလာပါတယ်။
စီးတီး ခံစစ်သမားက ရုရှားရဲ့ ကျူးကျော်မှုအပေါ် မခံစားနိုင်အောင် ဖြစ်နေပြီး မရေမတွက်နိုင်တဲ့ ပျက်ဆီးမှု ပုံရိပ်တွေကို မြင်နေရခြင်းကိုလည်း အတော်လေး စိတ်ထိခိုက်နေပါတယ်။ ၎င်းကပဲ သူ့ရဲ့ မိခင်မြေအတွက် အားလုံးက ပံ့ပိုး ထောက်ပံ့ပေးကြဖို့လည်း တောင်းဆိုမှု ပြုလုပ်ခဲ့ပါသေးတယ်။
‘ ကျနော် ငိုကြွေးနေမိတယ်။ အခုဖြစ်နေတာ တစ်ပတ်လောက်ရှိနေပါပြီ။ ကျနော် ဘယ်လောက် ကြာပြီလဲဆိုတာကို မရေတွက်ထားနိုင်ဘူး။ ဒါပေမယ့် လေ့ကျင့်ရေးကွင်းကို သွားဖို့ ကားမောင်းလာချိန်မှာတောင် ငိုကြွေးနေတာကလွဲလို့ ဘာမှ မလုပ်နိုင်ပါဘူး ’ လို့ ဇင်ချန်ကိုက ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။
ဇင်ချန်ကိုကပဲ ‘ ကျနော် ခေါင်းထဲမှာ ဒီအကြောင်းပဲ ရှိနေတယ်။ ကိုယ်ကိုယ့် မွေးတဲ့နေရာ၊ ကိုယ်ကြီးပြင်းလာတဲ့ နေရာအကြောင်းပဲ စဉ်းစားနေမိတယ်။ ကျနော် တိုင်းပြည်က မြို့တိုင်း ဖျက်ဆီးခံနေရပါတယ်ဆိုတဲ့ သန်းနဲ့ချီတဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ ခင်ဗျားကို ပြလို့ရပါတယ်။
လုံခြုံးရေးအရ စစ်ဆင်ရေးလုပ်တာက မဖြစ်နိုင်ပါဘူး။ ဒါက တကယ့် စစ်ပွဲပါ။ သူတို့ လုပ်နေတာက လက်မခံနိုင်စရာပါ။ ဒါကို ကျနေ်ာတို့ ရပ်တန့်ဖို့ လိုပါတယ်။ လူတွေက ကျနော်ကို အဲ့က အခြေအနေတွေ ပို့ပေးနေကြတယ်။ လူတွေက ဘန်ကာတွေမှာ၊ ကြမ်းပြင်တွေမှာ အိပ်နေကြရပါတယ်။

ရိုးရိုးသားသား ပြောရရင် ကျနော် မိသားစုနဲ့ သမီးကြောင့် မဟုတ်ရင် ကျနော်လည်း အဲ့မှာ ရှိနေမှာပါ။ ကျနော်လည်း အဲ့လိုပဲ မွေးဖွားလာတာပဲလေ။ ကျနော် တိုင်းပြည့်က လူတွေအကြောင်း ကျနော် သိတယ်။ သူတို့ရဲ့ စိတ်ဓါတ်ပိုင်းနဲ့ သူတို့ ဘယ်လိုတွေ တွေးနေမယ်ဆိုတာကို ကျနော် သိပါတယ်။
ယူကရိန်းသားဖြစ်ရတာကို ဂုဏ်ယူတယ်။ လက်ကျန် ဘဝတစ်လျှောက်လုံးလည်း ဂုဏ်ယူနေမှာပါ။ ဒီလူတွေ သူတို့ရဲ့ ရှင်သန်မှုအတွက် ဘယ်လို တိုက်ခိုက်နေတယ်ဆိုတာ မြင်ရတာက ပြောစရာ စကားတောင် မရှိပါဘူး။
ကျနော်တိုင်းပြည်က လူတွေအကြောင်း ကျနော်သိတယ်။ သူတို့က သေဖို့ပဲ ရွေးမယ့်သူတွေ။ ဒါပေမယ့် ဘယ်တော့မှ အရှုံးပေးမယ့်သူတွေ မဟုတ်ပါဘူး ’ လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။
