ဒီနွေမှာ ဟာလန်းကို ခေါ်ယူနိုင်မယ့် ကလပ်နှစ်သင်းထဲ ပါဝင်လာတဲ့ မန်စီးတီး

မန်ချက်စတာဒါဘီမှာ ယူနိုက်တက်ကို ၄-၁ ဖြင့် အနိုင်ရပြီးတဲ့နောက် မန်စီးတီးဟာ ပရီးမီးယားလိဂ်ဖလားကို ၆ မှတ်အသာဖြင့် ပြန်လည် ဦးဆောင်ခဲ့ပြီဖြစ်ပါတယ်။

လိဂ်ကို နောက်ဆုံး ၅ ရာသီအတွင်း ၄ ကြိမ်မြောက်အဖြစ် အနိုင်ရဖို့ ရေပန်းစားနေတဲ့ မန်စီးတီးအသင်းဟာ ဒီရာသီရဲ့ နောက်ဆုံးလတွေအတွင်း အရေးကြီးတဲ့ ဆုံးဖြတ်ချက် အချို့ကို စောင့်ဆိုင်းသွားဖို့ ရှိနေတာဖြစ်တယ်။ နွေမှာ ကစားသမားသစ် အင်အားဖြည့်မယ့် မန်စီးတီးဟာ ဟာလန်းကို ဦးစားပေးအဖြစ် သတ်မှတ်ထားပြီး ကစားသမားရဲ့ ရွေးချယ်မှုကို မကြာခင်မှာ သိရတော့မှာ ဖြစ်ပါတယ်။

The Athletic က ဖော်ပြမှုအရ လာမယ့် နွေဈေးကွက်မှာ အသက် ၂၁ နှစ်အရွယ် တိုက်စစ်သမားကို ယူရို ၇၅ သန်းဖြင့် ခေါ်ယူခွင့်ဟာ မကြာခင်မှာ စတင် အသက်ဝင်တော့မှာ ဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ ဥရောပထိပ်တန်း ကလပ်တွေက အလေးအနက် စိတ်ဝင်စားနေကြပါတယ်။

ဘဏ္ဍရေးပိုင်းကလည်း အရေးကြီးပေမယ့်လို့ ဟာလန်းရဲ့ ပုဂ္ဂိုလ်ရေး ရွေးချယ်မှုကလည်း သူ ဘယ်အသင်းထံ ရောက်မလဲဆိုတာကို အဆုံးအဖြတ်ပေးမှာဖြစ်တယ်။ လာမယ့် သီတင်းပတ်တွေမှာပဲ သူရွေးချယ်မယ့် ကလပ်ကို ဟာလန်းက ဆုံးဖြတ်ပေးလာလိမ့်မယ်လို့ ကလပ်တွေဘက်က မျှော်လင့်ထားပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့ဟာ သူ့ကို ခေါ်ယူဖို့ စကားပြောဆိုခဲ့ကြတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့သေးပေမယ့်လို့ ဟာလန်းကို ခေါ်ယူရေးမှာ အမှန်တကယ် တိုးတက်လာတဲ့ ကလပ်နှစ်သင်းကတော့ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးဖြစ်တယ်လို့ The Athletic က ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်က ဟာလန်းကော၊ ဘာပေးကိုပါ သူတို့ တိုက်စစ်အတွက် ခေါ်ယူလိုတယ်။ လာလီဂါကလပ်ကတော့ ဒီနွေမှာ ဘာပေးကို ခေါ်ယူထားကာ ဟာလန်းကို ဒေါ့မွန်မှာ ၁၂ လ ထပ်နေစေပြီး ဘန်ဇီမာရဲ့ စာချုပ်ကုန်မယ့် ၂၀၂၃ မှ အသင်းထံ ကူးပြောင်းလာစေဖို့ ရည်ရွယ်တာဖြစ်တယ်။

ဒါပေမယ့်လို့ မန်စီးတီးကတော့ အထောင်တိုက်စစ်သမား နေရာအတွက် ဒီနွေမှာတင် ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ကစားသမားအတွက် ပေးရမယ့် ပြောင်းရွှေ့ကြေး၊ လုပ်ခနဲ့ လက်မှတ်ထိုးကြေးတွေအရ ဟာလန်းကို ခေါ်ယူနိုင်မယ့် ကလပ်ဟာ ပီအက်စ်ဂျီ၊ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်တို့ပဲ ရှိလိမ့်မယ်လို့ သိရတာပဲဖြစ်ပါတယ်။