ဂွာဒီယိုလာနဲ့ ပြေလည်မှု မရသေးတဲ့ ယာယာတိုရေးက ဒီရာသီ ချန်ပီယံဖြစ်မယ့် အသင်းကို ခန့်မှန်း

ယာယာတိုရေးဟာ လွန်ခဲ့တဲ့ ၄ နှစ်က ပက်ဂွာဒီယိုလာရဲ့ အာဖရိကန်တွေနဲ့ အလုပ်တွဲလုပ်မှုအပေါ် မှတ်ချက်ပေးခဲ့တာတွေနဲ့ ပတ်သက်လို့ တောင်းပန်ခဲ့ပြီးကတည်းက စပိန်သားထံကနေ ဘာမှ ထပ်မကြားခဲ့ရဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

တိုရေးဟာ ဆုဖလားများစွာ အောင်မြင်ခဲ့တဲ့ သူ့ရဲ့ ကစားသမားဘဝအတွင်း ပက်ဂွာဒီယိုလာ လက်အောက်မှာ နှစ်ကြိမ် ကစားခဲ့ပြီး ဘာစီလိုနာမှာ ချန်ပီယံလိဂ်ဖလား အတူအောင်မြင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်က မန်စီးတီးမှာ ပြန်လည်ပေါင်းစည်းခဲ့တာ ဖြစ်ပါတယ်။

အီသီဟဒ်မှာ တိုရေးရဲ့ နောက်ဆုံးရာသီဟာ စိတ်ပျက်စရာကောင်းခဲ့ပြီး ဖလား အနိုင်ရခဲ့ပေမယ့် အကန့်အသတ်ဖြင့်ပဲ ပွဲထွက်ခဲ့ရပါတယ်။ အဲ့တာကြောင့်ပဲ စီးတီးကနေ ထွက်ခွာပြီးနောက် အာဖရိကန်တွေအပေါ် နည်းပြဟောင်း ပက်ဂွာဒီယိုရဲ့ သဘောထားနဲ့ ပတ်သက်လို့ ယာယာတိုရေးက မေးခွန်းထုတ်ခဲ့တာပါ။

“ ဒါက ကျွန်တော့်ရဲ့ အသားအရောင်ကြောင့်လားလို့ ကိုယ့်ဘာသာကိုယ် မေးခွန်းထုတ်ခဲ့ပါတယ်။ ကျွန်တော် တစ်ယောက်ထဲ မဟုတ်ပါဘူး။ တခြားသော ဘာစီလိုနာ ကစားသမားတွေလည်း မေးခွန်းထုတ်ခဲ့ကြတာပါ”လို့ တိုရေးက ပြောဆိုခဲ့တာပါ။

နောက်ပိုင်းမှာ တိုရေးဟာ သူ့ရဲ့ အဆိုပါ မှတ်ချက်စကားတွေနဲ့ ပတ်သက်ပြီး ဂွာဒီယိုလာထံ တောင်းပန်စာ ရေးခဲ့ပေမယ့် နည်းပြဟောင်းနဲ့ ချစ်ကြည်ရေးတံတား ပြန်လည်တည်ဆောက်ဖို့ သူ့ရဲ့ ကြိုးပမ်းမှုတွေက မအောင်မြင်ခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ စီးတီးနည်းပြနဲ့ အဆက်အသွယ် ကင်းမဲ့မှုနဲ့ ပတ်သက်လို့ တိုရေးက

“ ကျွန်တော် အဲ့ဒါကို အတိတ်မှာ ထားခဲ့ပြီး ကိုဗစ် အခြေအနေကြောင့်ပဲလို့ မှတ်ယူလိုက်ပါတယ်။ ကျွန်တော်သူ့ကို တွေ့ချင်တယ်။ တွေ့ရရင် ပျော်မိမှာပါ။ ဘောလုံးအပေါ် ချစ်စိတ်ရှိတဲ့ လူတွေနဲ့ ကျွန်တော် စကားပြောဖို့လိုတယ်။ ကျွန်တော့်မှာ သူ့နံပါတ် မရှိတာကြောင့် သူနဲ့ အဆက်အသွယ် မရှိခဲ့ဘူး ” လို့ ရှင်းပြခဲ့ပါတယ်။

ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားအတွက် မန်စီးတီးနဲ့ လီဗာပူးအသင်း နှစ်သင်းလုံးက ရေပန်းစားနေပြီး အပြိုင်ဖြစ်နေဆဲပါ။ ဘယ်အသင်း ချန်ပီယံဖြစ်မလဲဆိုတဲ့ အမေးကိုတော့ ကစားသမားဟောင်းက အသင်းဟောင်း စီးတီးအဖြစ် ရွေးချယ်ခဲ့ပါတယ်။

“ စီးတီး ဖလားရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က စီးတီးပရိသတ်မို့ပါ။ ဒါပေမယ့် ခန့်မှန်းလို့ မရပါဘူး။ လီဗာပူးက အရမ်း အင်အားကြီးပါတယ် ” လို့ တိုရေးက ပြောပြခဲ့တာ ဖြစ်ပါတယ်။