ဒီပွဲက ပရီးမီးယားလိဂ် ဖလားလုမှာ မဟုတ်ဘူးလို့ လီဗာပူးနဲ့ ပွဲကြို သတိပေးလိုက်တဲ့ ဂျွန်စတုန်း

လာမယ့် တနင်္ဂနွေနေ့ မန်စီးတီးအသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲစဉ်ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ အတွက် အရေးကြီးတဲ့ ပွဲစဉ်ဖြစ်ပေမယ့် ဆုဖလား ရရှိနိုင်မယ်လို့ သေချာပေါက် ပြောလို့ရတဲ့ ပွဲ မဟုတ်ပါဘူးလို့ ‌မန်စီးတီး ကစားသမား ဂျွန်စတုန်းက ပွဲကြိုမှာ သတိပေးစကား ပြောလိုက်ပါတယ်။

“ကျွန်တော်တို့ဟာ ပြင်ပက ပြောဆိုနေကြတဲ့ အကြောင်းအရာတွေကို နားထောင်နေလို့မရပဲ ကိုယ်လုပ်စရာရှိတာကိုယ် အပြည့်အဝ အာရုံစိုက်ရပါမယ်။ ကျွန်တော်ဒီမှာ တစ်ချိန်လုံးရှိနေပြီး ပွဲအတွက် အပြည့်အဝအာရုံစိုက်ထားကာ ရှေ့တည့်တည့်ကိုပဲ ကြည့်ဖို့ ကြိုးစားနေပါတယ်”

“ကျွန်တော်တို့ဟာ လူသားတွေပါ ။ ဒီပွဲအပေါ်မှာ ဘာတွေရှိနေပြီး ဒီပွဲက ကျွန်တော်တို့အတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ဒီရာသီ ကျွန်တော်တို့ရဲ့ ပွဲစဉ်တိုင်းက ဗိုလ်လုပွဲလိုပါပဲ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ပွဲကို ချဉ်းကပ်ပုံက ဘာမှပြောင်းလဲသွားမှာ မဟုတ်ပါဘူး”

“ဒီပွဲနဲ့ ပတ်သက်လို့ အပို အဓိပ္ပါယ် ဖွင့်ဆိုတာတွေလဲ ရှိပါတယ်။ ဒါပေမယ့် ဒါက တခြားသောပရီးမီးယားလိဂ် ပွဲတစ်ပွဲပါပဲ။ ဒီပွဲက ရလဒ်အတိုင်း ရာသီကုန်မှာ ပြီးဆုံးသွားမယ်လို့ မဆိုလိုပါဘူး။ ကျွန်တော်ကတော့ အဲ့ဒီအကြောင်း အများကြီး မတွေးပါဘူး။

“ကျွန်တော်တို့က ဇယားရဲ့ အဆင့် ၁ နဲ့ အဆင့် ၂ အသင်းလေ ၊ဒါကိုလဲ အားလုံးသိပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ့်အသင်းကိုယ် ဘယ်လိုကစားမလဲဆိုတာ အာရုံစိုက်ရပါမယ်။ ဘောလုံးအတွက် ပြင်ဆင်မှုကတော့ ပြောင်းလဲ မသွားပါဘူး”လို့ စတုန်းက ဆိုပါတယ်။

မန်စီးတီးအသင်းဟာ ယခု နှစ်ပတ်အတွင်းမှာ ပွဲကြပ်ကာလကြီးကို ရင်ဆိုင်နေရတာဖြစ်ပြီး တနင်္ဂနွေနေ့မှာ ကစားမယ့် လီဗာပူးနဲ့ ပွဲဟာ ဒီကာလရဲ့ ဒုတိယမြောက် ပွဲ ဖြစ်ပါတယ်။ နောက် ဗုဒ္ဓဟူးနေ့မှာ အက်သလက်တီကို အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ကစားရမှာ ဖြစ်ပြီး ထိုပွဲစဉ်ပြီးလျှင် လီဗာပူးအသင်းနဲ့ FA ဖလား ဆီမီးဖိုင်နယ်ကို ကစားရမှာ ဖြစ်ပါတယ်။