ချန်ပီယံလိဂ် ၁၃ ကြိမ် ရဖူးလဲ ၁၁ ယောက်နဲ့ပဲ ကစားရမှာပဲလို့ ဂွာဒီယိုလာ သတိပေး
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်နိုင်ဖို့ကို အာရုံစိုက်သွားမယ်လို့ ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောဆိုလိုက်ပါတယ်။
ဒီနှစ်သင်းဟာ ၂၀၂၀ တုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ တွေ့ဆုံခဲ့ကြပြီး ဂွာဒီယိုလာ ဦးဆောင်တဲ့ မန်ချက်စတာကလပ်က နှစ်ကျော့လုံးကို ၂-၁ ရလဒ်တွေနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီတစ်ကြိမ်ကတော့ ပိုမြင့်တဲ့ အဆင့်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့် ကွင်းတွင်း လာအားပေးကြမယ့် ပရိသတ်တွေရှေ့မှာ မက်ဒရစ်သားတွေကို အနိုင်ယူဖို့ ဂွာဒီယိုလာက ဆန္ဒပြင်းပြနေပါတယ်။

ဂွာဒီယိုလာက ” ဆီမီးဖိုင်နယ်ကို ရောက်လာတာအတွက် ကျနော် ဂုဏ်ယူပါတယ်။ ပွဲကောင်းတွေ ကစားနိုင်ဖို့ ကြိုးစားပါမယ်။ ပရိသတ်တွေက ပြိုင်ဆိုင်မှုကို ပျော်ပျော်ပါးပါး ခံစားဖို့ ကွင်းထဲ လာရောက်ကြပြီး ကျနော်တို့ကို အားပေးမယ်လို့ ယုံကြည်ပါတယ်။
ကုန်ခဲ့တဲ့ နှစ်တွေတုန်းက ကျနော်တို့ဟာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူခဲ့တယ်။ အခု ပြိုင်ပွဲရဲ့ နောက်ပိုင်းအဆင့်အဖြစ် သူတို့နဲ့ ပြန်ပြီး ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ ကျနော်တို့ ကိုယ်ဘာသာ အကောင်းဆုံး လုပ်ပြနိုင်ဖို့ မျှော်လင့်ပါတယ်။
ကျနောတို့ကလည်း လီဗာပူး၊ ရီးရဲလ်မက်ဒရစ်နဲ့ ဗီလာရီးရဲလ်တို့လို လေ့ကျင့်ချိန် ၄ ရက် ရထားပါတယ်။ မနက်ဖြန်မှာတော့ ဘယ်အသင်းကို ထုတ်သုံးမလဲ ဆုံးဖြတ်ပါမယ်။ ကိုယ်ကစားနေကျ နေရာ မဟုတ်ဘူးဆိုရင်တောင်မှပဲ အသင်းသားတွေ ကစားနိုင်မယ်ဆိုတာ သေချာပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဥရောပရဲ့ အောင်မြင်မှု အများဆုံးသော ကလပ်အသင်းကို ရင်ဆိုင်ရမှာဟာ ခက်ခဲနိုင်ပေမယ့် နှစ်သင်းလုံးဟာ ကစားသမား ၁၁ ဦးစီနဲ့ပဲ ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ ဂွာဒီယိုလာက ပြောဆိုပါတယ်။
သူကပဲ ” ဘောလုံးက လူတိုင်းအတွက် ခက်ခဲပါတယ်။ ခြေလှမ်းသစ် လှမ်းနိုင်တိုင်းမှာ ကျနော်တို့ ပျော်ရွှင်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူဖို့ ကျနော်တို့ အာရုံစိုက်သွားမှာပါ။ သမိုင်းကို သိပေမယ့် ဘောလုံး ၁ လုံးကို ၁၁ ယောက် ၁၁ ယောက်ချင်း ယှဉ်ရမှာဖြစ်ပါတယ်။ အဆုံးမှာတော့ အရည်အချင်းရှိတဲ့ ကစားသမားတွေ ဘာလုပ်နိုင်လဲပဲ မူတည်ပါတယ်။
ကျနော်တို့ ရီးရဲလ်မက်ဒရစ်ကို ၃ နှစ်အတွင်း ဒုတိယအကြိမ် အနိုင်ယူနိုင်မယ်ဆိုရင် သိပ်ကောင်းတဲ့ အောင်မြင်မှုပါပဲ။ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိဘူးဆိုတော့ ဒီအခိုက်အတန့်အတွက် ပျော်ရွှင်နေရမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
