ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်မယ့် အသင်းကို မိုက်ကယ်အိုဝင် ခန့်မှန်း

မန်ချက်စတာစီးတီးအသင်းဟာ ဒီညမှာတော့ ရီးရဲလ်မက်ဒရစ် ကို ၎င်းတို့ အိမ်ကွင်း ဘာနေဗျူးမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ ဒုတိယ အကျော့ ပွဲစဉ် အဖြစ် သွားရောက် ရင်ဆိုင် ကစားတော့မှာပါ။

ပထမအကျော့ မန်စီးတီး အိမ်ကွင်း အီတီဟတ်မှာ ကစားစဉ်က အိမ်ရှင် စီးတီးက ၄-၃ နဲ့ အနိုင် ရရှိထားပါတယ်။ ဒီနှစ်သင်း ဒုတိယ အကျော့ ကစားကြမယ့် ပွဲချိန်က ဒီည ၁း၃ဝ နာရီ ဖြစ်ပါတယ်။

နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က ဒီည ရီးရဲလ်မက်ဒရစ် – မန်စီးတီးတို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲအတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

အိုဝင်က “ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ် ကတော့ တကယ့်ကို ဂန္တဝင်မြောက် ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာလည်း ကျွန်တော်တို့ ဒရမ်မာဆန်ဆန် အရာတွေကို မြင်တွေ့ရနိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်း အတွက် ကတော့ ပထမအကျော့ ပွဲစဉ် အပြီး တစ်ဂိုး အကွာနဲ့သာ ရှုံးနိမ့်ထားခဲ့တာဟာ သူတို့အတွက် အရမ်းကို ကောင်းတဲ့ ရလဒ် ဖြစ်ခဲ့ပါတယ်။ ဘာနေဗျူးမှာတော့ ကာလိုအန်ဆယ်လော့တီရဲ့ အသင်းဟာ ပိုမိုများပြားတဲ့ အံ့ဖွယ် အရာတွေကို လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေမှာပါ။

ကာရင်ဘန်ဇီးမားဟာ အားလုံး သိကြတဲ့ အတိုင်းပဲ ဒီပြိုင်ပွဲမှာ တကယ့်ကို အံ့သြဖွယ်ရာ စွမ်းဆောင်ရည်တွေ ပြသလျက် ရှိနေပါတယ်။ ရီးရဲယ်မက်ဒရစ် အနေနဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အတွက် ဆိုရင် ပြင်သစ် ကြယ်ပွင့် ဆီက ဒီလိုမျိုး စွမ်းဆောင်ရည်မျိုးတွေကို ထပ်ပြီး လိုအပ်မှာ ဖြစ်ပါတယ်။

မန်စီးတီးတို့ ပထမအကျော့က အီတီဟတ်မှာ ဘာကြောင့်များ ရီးရဲယ်မက်ဒရစ်ကို အနည်းဆုံး ၂ ဂိုး အသာနဲ့ အနိုင် မရခဲ့တာလဲ ဆိုတာကို ကျွန်တော် မရှင်းပြတက်လောက်အောင် ပါပဲ။ သူတို့ဟာ ပထမပိုင်းမှာတင် မက်ဒရစ်ကို ၃ ဂိုး ၄ ဂိုး အသာနဲ့တောင် နိုင်ထားခဲ့သင့်တာပါ။ ဒါပေမယ့် သူတို့ဟာ ရရှိခဲ့တဲ့ အခွင့်အရေး တွေကို ကောင်းစွာ အသုံးမချ နိုင်ခဲ့ပါဘူး။ သူတို့ဟာ ပွဲအပြီးမှာတော့ ဒါတွေကို ဖြုန်းတီးပစ်ခဲ့တဲ့ အတွက် ညီးတွားနေမှာ ဖြစ်ပါတယ်။

မန်စီးတီး အသင်းရဲ့ တစ်ဦးချင်း အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ကျွန်တော်တို့ မြင်တွေ့ ခဲ့ရပါတယ်။ ဒီဘရိုင်းနား နဲ့ ဆေးလ်ဗား တို့ဟာ တအားကို ကောင်းမွန်ခဲ့ကြ ပါတယ်။ အကယ်၍ စီးတီးသာ ဘာနေဗျူးမှာ မန်ချက်စတာ မှာတုန်းကလိုမျိုး ကစားပုံကို ပြသနိုင်ခဲ့မယ် ဆိုရင် သူတို့ ဖိုင်နယ်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

မက်ဒရစ်မှာ ကွင်းရဲ့ အငွေ့အသက် ကတော့ တကယ့်ကို အံ့ဖွယ် ဖြစ်နေမှာ သေချာပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီးရဲ့ ဦးဆောင်နေမှုကို ပြန်လည် ချေဖျက်နိုင်ဖို့ အတွက် တိုက်ကစားသွားမှာတော့ သေချာပါတယ်။

ဒါဟာ မန်စီးတီး အတွက် အံဝင်ခွင်ကျ ဖြစ်သွားနိုင် ပါတယ်။ ကျွန်တော် ကတော့ ဧည့်သည်တို့ အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင်ရသွားမယ်လို့ မြင်မိပါတယ်။” လို့ ခန့်မှန်း သွားခဲ့ပါတယ်။