နူးနက်ကို ရပြီးရင်တောင် မန်စီးတီးကို စိန်ခေါ်ဖို့ လီဗာပူး လှုပ်ရှားဦးမယ့် အပြောင်းအရွှေ့ နှစ်ခု
လီဗာပူးအသင်းဟာ ဘင်ဖီကာ တိုက်စစ်သမား နူးနက်ကို ခေါ်ယူနိုင်ပြီးရင်တောင် မန်စီးတီးကို စိန်ခေါ်နိုင်ရေး နောက်ထပ် ခေါ်ယူမှုတွေ ဆက်လုပ်သွားဖို့ ရှိနေပါတယ်။
ဖူလ်ဟမ်ကစားသမား ကာဗယ်ဟိုကို ခေါ်ယူထားတဲ့ လီဗာပူးအတွက် နူးနက်က ဒုတိယမြောက် ခေါ်ယူမှု ဖြစ်လာမှာပါ။ လီဗာပူးဟာ နောက်ထပ် ကစားသမား ခေါ်ယူမှုတွေ လုပ်ဖို့ ရှိနေသေးပြီး ကွင်းလယ်ကို ဦးစားပေး ခေါ်ယူမယ်လို့ သိထားရကာ ညာအစွန်အတွက် တစ်ဦး ထပ်ခေါ်ဖို့ ရှိနေတယ်။
စီးတီးကတော့ အဲဗားရက်စ်နဲ့ ဟာလန်းလို တိုက်စစ်သမား နှစ်ဦးကို ခေါ်ယူထားတာဖြစ်ပြီး ဒီနွေမှာ စတာလင်နဲ့ ဂျေးဆုကို ထွက်ခွင့်ပေးကာ နောက်ထပ် ကစားသမားသစ် ချိတ်ဆက်မှုတွေ လုပ်ဖွယ်ရှိပါတယ်။

ဒီနှစ်တွေမှာ ပရီးမီးယားလိဂ်ကို အဓိက စိန်ခေါ်သူဖြစ်နေတဲ့ နှစ်သင်းဟာ လူသစ်တွေကို အပြိုင် ချိတ်ဆက်နေပေမယ့် လီဗာပူးရဲ့ လူစာရင်းက မန်စီးတီးကို ယှဉ်နိုင်ဖို့ဆိုရင် ကွင်းလယ်မှာ အင်အားဖြည့်မှ ရပါမယ်လို့ ပရီးမီးယားလိဂ် ကစားသမားဟောင်း အဘွန်လာဟောက ဆိုပါတယ်။
အဘွန်လာဟောက “နူးနက်ဟာ ထိပ်တန်း ကစားသမား တစ်ဦးပါ။ သူဟာ တိုးတက်လာအုံးမှာ ဖြစ်ပြီး ဒီထက် ပိုပြီး ကောင်းလာမှာပါ။ ဒါပေမယ့် လီဗာပူး ကွင်းလယ်ရဲ့ အခြေအနေကို ကြည့်လိုက်ပါ။
ခင်ဗျားတို့ သိကြတဲ့အတိုင်းပဲ တီယာဂိုဟာ အမြဲတမ်း ဒဏ်ရာပြသနာတွေ ရှိနေပါတယ်။ ဟန်ဒါဆန် ကလည်း အသက် ၃၀ ကျော်လာပြီ ဖြစ်ကာ သူ့ရဲ့ စွမ်းအင်တွေဟာ တစ်ဖြည်းဖြည်း ကျလာတော့မှာပါ။
သူတို့ ကွင်းလယ်လူ ၂ ဦး လိုအပ်ပါတယ်။ ဘယ်လင်ဟမ်လို ကစားသမားမျိုးဟာ လီဗာပူး နဲ့ တကယ့်ကို အံဝင်ခွင်ကျ ဖြစ်မယ့်သူပါ။ လီဗာပူးရဲ့ ခံစစ်ပိုင်း ကတော့ အိုကေပါတယ်။ သူတို့မှာ လုံလောက်တဲ့ cover တွေ ရှိနေပြီး ဂိုးသမားပိုင်း ကလည်း လုံလောက်တဲ့ အင်အား ရှိနေပါတယ်။
ကျွန်တော် ကတော့ ကွင်းလယ် ကစားသမား ၂ ဦး နဲ့ နူးနက် တို့ကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင် လီဗာပူးဟာ လာမည့် ရာသီမှာလည်း ဆုဖလား အားလုံးကို ကောင်းကောင်း စိန်ခေါ်နိုင်မယ်လို့ ကျွန်တော် ခံစားမိနေပါတယ်။
တီယာဂိုဟာ ဒဏ်ရာ ပြသနာတွေနဲ့ ရုန်းကန်နေရသူ ဖြစ်ပြီး အောက်စလိတ်ချိန်ဘာလိန် ကလည်း သိပ်ပြီး မကစားခဲ့ရပါဘူး။ ခင်ဗျားတို့ မန်စီးတီးရဲ့ ကွင်းလယ်ကို ကြည့်လိုက်ပါ။
ကျွန်တော် ကတော့ လီဗာပူး အနေနဲ့ ဈေးကွက်ထဲကို ဝင်ကာ အနည်းဆုံး ကွင်းလယ်လူ ၁ ဦး မဖြစ်မနေ အားဖြည့်သွားဖို့ လိုအပ်တယ်လို့ ကျွန်တော် ခံစားမိနေပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။
