မန်စီးတီးနဲ့ ရာသီကြို မပူးပေါင်းခင် ခြေစွမ်းပြ ဂိုးတွေ သွင်းယူနေတဲ့ အဲဗာရက်စ်

မန်ချက်စတာစီးတီး ကစားသမားသစ်ဖြစ်သူ တိုက်စစ်ကစားသမား အဲဗာရက်စ်ဟာ အာဂျင်တီးနားကလပ် ရေးဗားပလိတ်အသင်းမှာ ခြေစွမ်းပြနေပြီး သွင်းဂိုးတွေ ရယူနေပါပြီ။

ဇန်နဝါရီမှာ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ခွင့်ရခဲ့ပေမယ့် ပရီးမီးယားလိဂ်ကလပ်က ရေးဗားပလိတ်မှာ ဆက်ပြီး အငှားချပေးဖို့ သဘောတူထားခဲ့တာပါ။ ဖလားပွဲတွေမှာ ခြေစွမ်းပြနေတဲ့ အဲဗာရက်စ်ဟာ စတင်လာခဲ့တဲ့ အာဂျင်တီးနား အဆင့်မြင့်တန်းလိဂ်မှာ ပွဲကစားခွင့်တွေ ရလာခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနား အမှတ်ပေးဖလား ပွဲစဉ် (၄) အဖြစ် ယူနီယံဒီဆန်တာအသင်းနဲ့ ရေးဗားပလိတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အဲဗာရက်စ်က အသင်းအတွက် ကိုယ်တိုင် ၂ ဂိုးသွင်းပြီး သွင်းဂိုးအတွက် ထောက်ပံ့မှု ၂ ကြိမ်ကိုလည်း ပူးတွဲ လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဗာရက်စ်ဟာ အငှားစာချုပ်ဟာ ဇူလိုင်လ ၇ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ကာ မန်စီးတီးထံ တိုက်ရိုက် ကူးပြောင်းလာမလား ဆက်ပြီး အငှားကစားဦးမလား မသေချာသေးပါဘူး။

မန်စီးတီးက တိုက်စစ်သမားတွေဖြစ်တဲ့ စတာလင်၊ ဂျေးဆုတို့ကို ရောင်းထုတ်ဖို့ ကြိုးစားနေတာကြောင့် ရာသီကြိုမှာတင် အဲဗာရက်စ်ကို လာရောက် ပူးပေါင်းစေဖို့ ရည်ရွယ်တယ်လို့ ယူဆရတာဖြစ်တယ်။

အသက် ၂၂ နှစ်အရွယ်ရှိ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ် ကစားသမားလေးဟာ အထောင်တိုက်စစ် နေရာသာမက ဘယ်ညာ တောင်ပံနှစ်ဖက်မှာပါ ကစားတတ်သူဖြစ်ပါတယ်။

ရေးဗားပလိတ်ရဲ့ နံပါတ် ၉ နေရာမှာ တောက်ပနေပေမယ့် မန်စီးတီးမှာတော့ ညာခြမ်းကို အားပြု ကစားရဖွယ် ရှိနေပါတယ်။