ပြိုင်ဘက်တွေကို အိပ်မက်ဆိုးပေးမယ့် မန်စီးတီးရဲ့ ဝှက်ဖဲကို ဇာဘလက်တာ ထုတ်ဖော်
မန်စီးတီးနဲ့ ပတ်သက်ပြီး အာရုံစိုက်နေကြတာက ဟာလန်းပဲဖြစ်ပြီး ဒါဟာ အာရုံစိုက် မခံရတဲ့ ကစားသမားသစ် အယ်ဗာရက်ဇ်အတွက် သင့်တော်ပါလိမ့်မယ်လို့ စီးတီးဂန္တဝင်ကြီး ဇာဘလက်တာက ပြောပါတယ်။
အယ်ဗာရက်ဟာ ပြီးခဲ့တဲ့အပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အသင်းဖော်သစ်တွေနဲ့ တွဲဘက် လေ့ကျင့်ခဲ့ပြီး ကြာသပတေးနေ့ မနက်ပိုင်း တက္ကဆက်မှာ ကလပ်အမေရိကနဲ့ပွဲမှာ ပွဲဦးထွက်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။
ရေးဗားပလိတ်အတွက် ၂၄ ပွဲမှာ ၁၇ ဂိုးသွင်း၊ ၆ ဂိုး ဖန်တီးခဲ့တဲ့ မှတ်တမ်းကလည်း ပက်ဂွာဒီယိုလာရဲ့ အထင်ကြီးမှုကို ရရှိစေခဲ့တာပါ။ ပေါင် ၁၄ သန်းနဲ့ အပြောင်းအရွှေ့ဟာ တောင်ပံမှာပါ ကစားနိုင်ပြီး ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတစ်ယောက်အတွက် တကယ့် လျှော့ဈေးနဲ့ ရလိုက်သလိုပါပဲ။
“ ကျွန်တော် မန်ချက်စတာကို စရောက်ခဲ့တုန်းက မန်စီးတီးနဲ့ အခု မန်စီးတီးက လုံးဝ ကွာခြားနေပြီလို့ သူ့ကို ပြောခဲ့ပါတယ်။ ‘နားထောင်၊ မင်းက အခုချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကလပ်တစ်ခုကို ရောက်နေတာပဲ’လို့ ကျွန်တော် ပြောခဲ့တယ်။
အသင်း၊ နည်းပြနဲ့ အထောက်အပံ့တွေကို မြင်ရင် မန်စီးတီးထက် ပိုကောင်းတဲ့နေရာ မရှိတော့ပါဘူး။ သူလုပ်ဖို့လိုတာက ကြိုးစားပြီးတော့ သူ ဘယ်လောက်ကောင်းတယ် ဆိုတာ ပြသဖို့ပါပဲ။ သူ စိတ်ရှည်ဖို့တော့ လိုလိမ့်မယ်။ ဘာလို့လဲဆိုတော့ အပြိုင်အဆိုင်တွေ ရှိတယ်လေ။
ဒါပေမယ့် စီးတီးက အမြဲတမ်း တစ်ရာသီကို ပွဲ ၅၀ လောက် ကစားနေရတာပါ။ ကစားရမယ့် အခွင့်အရေးတွေ အများကြီး ရှိပါတယ်။ သူ့အနေနဲ့ ခြေစွမ်းပြဖို့ အဆင်သင့် ဖြစ်နေမှာပါ ” လို့ ဇာဘလက်တာက ဆိုပါတယ်။

မန်စီးတီးအသင်းတွင်းမှာ အာဂျင်တိုင်းသားအပေါ် မျှော်လင့်ချက်တွေက မိုးထိမြင့်တက်နေပြီး စိတ်လှုပ်ရှားနေမှုတွေကြောင့် စီးတီးဟာ စတာလင်နေရာမှာ အစားမထိုးဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
“ ဒီကစားသမားတွေက ကြီးမားတဲ့ မျှော်လင့်ချက်တွေနဲ့ လာခဲ့တာပါ။ ဒါက သူ့အတွက် ကြီးမားတဲ့ အပြောင်းအရွှေ့ပဲ။ ဂျူလီယန်ကို ကူညီဖို့ အကြံဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကျွန်တော် လုပ်ပေးနိုင်တာရှိရင် ၁၀၀ ရာခိုင်နှုန်း လုပ်ပေးသွားမှာပါ။
ကလပ်က မင်းကို အိမ်လိုမျိုး ခံစားရစေမှာပါ။ ဆာဂျီယို လုပ်ခဲ့သလိုမျိုး ဂျူလီယန်က မန်စီးတီးမှာ အကြာကြီးနေပြီး လှပတဲ့ ဂိုးတွေသွင်းယူနိုင်ဖို့ မျှော်လင့်ပါတယ်။ သူက ပြည့်စုံတဲ့ တိုက်စစ်မှူးတစ်ယောက်၊ တောင်အမေရိကမှာ အကောင်းဆုံး ကစားသမားတစ်ယောက်ပါ ” လို့ ဇာဘလက်တာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
