မန်ချက်စတာ နှစ်သင်းမှာ မန်စီးတီးကိုပဲ ပြောင်းဖို့ ရွေးခဲ့ကြောင်း ထုတ်ပြောတဲ့ ကွင်းလယ်လူ ကီဗင် ဖီးလစ်

မန်စီးတီးရဲ့ နွေခေါ်ယူမှုထဲမှာ ပါဝင်ခဲ့သူ အင်္ဂလန်ကွင်းလယ်လူ ကယ်ဗင် ဖီးလစ်က သူ့ကို ယူနိုက်တက်ကလည်း ကမ်းလှမ်းပေမယ့် လိဒ်ယူနိုက်တက်အပေါ် သစ္စာရှိမှုကြောင့် ငြင်းဆန်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

လိဒ်ယူနိုက်တက်နဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ အတိတ်တုန်းက ပြိုင်ဆိုင်မှုကြီးမားတဲ့ ဒါဘီပြိုင်ဘက်တွေဖြစ်ပါတယ်။ မန်စီးတီးကလည်း မန်ချက်စတာကလပ် ဖြစ်ပေမယ့်လို့ လိဒ်ယူနိုက်တက်နဲ့ တိုက်ရိုက် ဒါဘီပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်မှု ကြီးမားခဲ့ကြခြင်း မရှိပါဘူး။

ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကိစ္စကို ဖီးလစ်က ပြောရာမှာ ‘ နိုးပါ။ ကျနော် ယူနိုက်တက်ကို ဘယ်တော့မှပြောင်းမှာ မဟုတ်ပါဘူး။ ကျနော်က လိဒ်ယူနိုက်တက်ကို သစ္စာရှိတာ အားလုံး သိပါတယ်။ ကျနော် မိသားစုကလည်း လိဒ်ယူနိုက်တက် ပရိသတ်တွေပါ။

ယူနိုက်တက်လို ကလပ်အသင်းကြီး၊ ကမ္ဘာအကောင်းဆုံးတွေထဲက တသင်းကနေပြီး ကျနော်ကို အလိုရှိတာအတွက် ဂုဏ်ယူပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကို ဘယ်တော့မှ မပြောင်းပါဘူး။ ကျနော်က လိဒ်ကို သစ္စာရှိဖို့ လိုအပ်ပြီး အခြားသော မန်ချက်စတာအသင်းကိုပဲ ရွေးချယ်ခဲ့ပါတယ် ’ လို့ ဆိုခဲ့တာဖြစ်တယ်။

မော်ဒန် ဘောလုံးခေတ်မှာ ကီဗင် ဖီးလစ် ပြောသလို ဒါဘီအသင်းမို့ ပြိုင်ဘက်ကြီးမို့ အသင်းမပြောင်းဘူးဆိုတာက နည်းပါးလာခဲ့ပါပြီ။ ဒီကနေ့မှာ လူတိုင်းက တိုက်ရိုက် ပြိုင်ဘက်တွေဖြစ်ရင်တောင် သင့်လျော်မယ့် ကမ်းလှမ်းမှုဆိုရင် လက်ခံပြီး ပြောင်းရွှေ့မှုတွေ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ ‘ မသိပါဘူး။ ကျနော်ကလည်း ကျနော့်နည်းလမ်းနဲ့ပါပဲ။ ကျနော် ယုံကြည်တဲ့ လမ်းအတိုင်းပဲ အမြဲသွားခဲ့တာပါ။

ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတဲ့ အခွင့်အရေးတွေ ပေးခဲ့တဲ့ အသင်းကို ကျနော် သစ္စာရှိချင်ပါတယ်။ လိဒ်က ကျနော်ကို လက်မှတ်ထိုး ခေါ်ယူခဲ့တဲ့ ပထမဆုံးအသင်းပါ။ ဒီအချက်ကပဲ ကျနော် ရွေးချယ်မှုမှာ အဓိကကျခဲ့ပါတယ် ’ လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ကယ်ဗင်ဖီးလစ်ဟာ လိဒ်ယူနိုက်တက်အတွက် ၂၃၅ ပွဲ ကစားပေးခဲ့ကာ စာချုပ် ၂ နှစ် ကျန်ရှိချိန်မှာတော့ မန်ချက်စတာကလပ် မန်စီးတီးထံ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။