ချယ်ဆီး၊ အာဆင်နယ်ထံ အဓိက ကစားသမားတွေ လက်လွတ်ပေးရမှုအတွက် ဂွာဒီယိုလာ တုန့်ပြန်
ပက်ဂွာဒီယိုလာဟာ ဒီနွေမှာ စတာလင်၊ ဂျေးဆုနဲ့ ဇင်ချန်ကိုတို့ကို ရောင်းချခဲ့တဲ့ မန်စီးတီးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဖွင့်ဟလာခဲ့ပါတယ်။
ကစားသမားလေးယောက် ခေါ်ယူခဲ့ပြီး နောက်ထပ် ၅ ယောက်ကို ထွက်ခွာခွင့်ပေးခဲ့တဲ့ စီးတီးဟာ အပြောင်းအရွှေ့ဈေးကွက်မှာ အလုပ်အရှုပ်ဆုံး ပရီးမီးယားလိဂ် ကလပ်တစ်ခု ဖြစ်ခဲ့တာပါ။
ဒီနွေရာသီဟာ ၂၀၁၆ မှာ ဘိုင်ယန်ကနေ သူရောက်လာပြီးနောက်ပိုင်း ကြုံခဲ့ရတဲ့ တခြားရာသီတွေနဲ့ ကွဲကြားတယ်လို့ ဂွာဒီယိုလာက ခံစားနေရပေမယ့် ကလပ်ရဲ့ လုပ်ဆောင်ချက်တွေကို စပိန်သားကြီးက အကောင်းမြင်ထားခဲ့တာပါ။

“ တခါတလေ ဈေးကွက်က ကျွန်တော်တို့အတွက် ထူးဆန်းခဲ့တယ်။ ပုံမှန်အားဖြင့် ကျွန်တော်တို့က ကစားသမားတွေ ခေါ်ယူလေ့ရှိပေမယ့် သိပ်မရောင်းထုတ်တဲ့ အသင်းမျိုးပါ။ ဒီနွေရာသီကတော့ မတူဘူး။ ကျွန်တော်တို့ ကစားသမားတချို့ကို ရောင်းထုတ်ခဲ့ပါတယ်။
တခါတလေ ကိုယ်က ကစားသမား ရောင်းထုတ်မှုတွေ လုပ်ချင်ပေမယ့် မလုပ်နိုင်ပါဘူး။ ဒီနွေဈေးကွက်ကတော့ ခပ်မြန်မြန်ပဲ ဖြစ်သွားခဲ့ပါတယ်။ အကယ်ဒမီ ကစားသမားတွေ ထွက်ခွာတာကောပါပဲ။ ကစားသမားသစ်တွေ ရောက်လာပြီး ကျွန်တော်တို့ သူတို့နဲ့ ဆက်သွားပါမယ် ” လို့ ဂွာဒီယိုလာက ရှင်းပြပါတယ်။
စတာလင်၊ ဂျေးဆုနဲ့ ဇင်ချန်ကိုတို့ဟာ မနှစ်က စီးတီးတို့ ပရီးမီးယားလိဂ်ဖလား အနိုင်ရအောင် ကူညီပေးခဲ့ပြီး နောက်ဆုံး ၆ ရာသီအတွင်း သူတို့ရဲ့ အောင်မြင်မှုတွေမှာ အရေးပါခဲ့တာပါ။

“ ထွက်ခွာမှုတွေကို ကျွန်တော် ကြိုမသိခဲ့ဘူး။ ဂျေးဆု၊ ဇင်ချန်ကို၊ ရာဟင်းတို့နဲ့ ပတ်သက်ပြီး ကျွန်တော် ကျေနပ် ပျော်ရွှင်ခဲ့ပါတယ်။ သူတို့ဒီမှာ အကြာကြီး ဆက်နေခဲ့မယ်ဆိုရင်လည်း ပြဿနာရှိမှာ မဟုတ်ပါဘူး။ သူတို့ သိပ်ကောင်းတာကို မနှစ်က သက်သေပြခဲ့ပြီးပါပြီ။
တခါတလေတော့ ကစားသမားတွေက ပိုလိုချင်တယ်။ အပြောင်းအရွှေ့က ဒီလိုလုပ်ဖို့ အချိန်ကောင်းဆိုတာ ကလပ်က သိလိုက်တယ်။ ဒါပေမယ့် အရေးအကြီးဆုံးက သူတို့ဟာ သူတို့လုပ်ခဲ့တာတွေ၊ ကလပ်နဲ့ ပတ်သက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်ခွာသွားတာပါ။
ပုံမှန်အားဖြင့် စပိန်၊ ဂျာမနီ၊ အင်္ဂလန်မှာ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး စကားပြောကြတဲ့အခါ ၁၀ ရာခိုင်နှုန်း ပိုများပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က တကယ်တော်တယ်လေ။ သူတို့က အကောင်းဆုံး အသက်အရွယ်တွေဖြစ်ပြီး သူတို့ရဲ့ အကောင်းဆုံးနှစ်တွေ လာတော့မှာပါ။ ဒါကြောင့်ပဲ ဈေးကွက်မှာ တန်ဖိုးရှိနေတာပါ။
ချယ်ဆီးနဲ့ အာဆင်နယ်က မျှတတဲ့ တန်ကြေးကို ပေးခဲ့တယ်။ ဆွေးနွေးမှုတွေက အဆင်ပြေချောမွေ့ခဲ့တယ်လို့ ဘီဂျီရစ်စတိန်းက ကျွန်တောာ့်ကိုပြောခဲ့တယ်။ နှစ်ဖက်လုံးအတွက် ကောင်းပါတယ် ” လို့ ဂွာဒီယိုလာက ပြောပြခဲ့ပါတယ်။
စီးတီးရဲ့ ပရီးမီးယားလိဂ်ရာသီဟာ ဩဂုတ် ၇ ရက်မှာ စတင်မှာဖြစ်ပြီး တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းနဲ့ အဝေးကွင်းပွဲ ကစားရမှာပဲ ဖြစ်ပါတယ်။
