ဘာစီနဲ့ ဘာနာဒို အခြေအနေ၊ လာချိတ်နေတဲ့ ဘယ်စွန်သမားများနဲ့ နောက်ဆုံးရ မန်စီးတီး သတင်းတိုများ
ဝုဗ်အသင်းရဲ့ ဘယ်နောက်ခံကစားသမား ဟာရန် အယ်-နူဟီဟာလည်း မန်စီးတီးအသင်းရဲ့ ဘယ်နောက်ခံလူ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေပါတယ်။ အသက် ၂၁ နှစ်အရွယ် ပြင်သစ်သားလေးဟာ အလားအလာကောင်းတွေ ပြသနေသူဖြစ်ပြီး ဝုဗ်အသင်းကတော့ ဒီနှစ်နွေ အပြောင်းအရွှေ့မှာ ရောင်းချသွားဖို့ ဆန္ဒမရှိဘူးလို့လည်း သိရပါတယ်။
တိုက်စစ်ကြယ်ပွင့်လေး ဂျူလီယန် အယ်ဗာရက်ဇ်ကတော့ ဂန္ထဝင်တိုက်စစ်မှူးကြီး ဆာဂျီယို အဂွဲရိုးက သူ့ကို ဘယ်လောက်အထိ ကူညီပေးခဲ့သလဲ ဆိုတာကို “သူနဲ့ စကားပြောရတာ ပျော်ရွှင်ရ၊ ဂုဏ်ယူရပါတယ်။ ကန် (အဂွဲရိုး) ဟာ ကျွန်တော့်ကို အရမ်း ကူညီပေးခဲ့ပါတယ်။ ပြီးတော့ နှစ်လိုဖွယ်ရာ ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။ လူတိုင်းက သူ့ကို ချစ်ကြပါတယ်။ အထူးသဖြင့် ကျွန်တော်တို့လို လူငယ်တွေပေါ့။” လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီး အသင်းဟာ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ မာ့ခ် ကူကူရယ်လာ ကို ချဲလ်ဆီးအသင်းနဲ့ အပြိုင်ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ စပိန်သားကို ဘရိုက်တန် အသင်းက ပေါင်သန်း ၅၀ တန်ကြေး သတ်မှတ်ထားချိန်မှာ ချဲလ်ဆီးအသင်းဟာ အဆိုပါကြေးကိုပေးဖို့ သဘောတူထားပေမဲ့ မန်စီးတီးအသင်းက ပေါင်သန်း ၄၀ ထက် ပိုမပေးချင်တာကြောင့် နောက်ဆုတ်သွားဖို့ များနေပါတယ်။
ဘယ်နောက်ခံလူ တော်တော်များများဟာ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ဖို့ အေးဂျင့်ဖြစ်သူတွေကနေတဆင့် ချိတ်ဆက်ကမ်းလှမ်းခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီထဲမှာ ဘင်ဖီကာကြယ်ပွင့် အဲလက်စ် ဂရီမယ်ဒို၊ စတုဂတ်အသင်းရဲ့ ဘော်နာ ဆိုဆာနဲ့ ဒေါ့မွန်အသင်းရဲ့ ဟာဖရယ် ဂဟေရိုလို ကစားသမားတွေ ပါဝင်နေပြီး မန်စီးတီးအသင်းဘက်ကတော့ တစုံတရာ အကြောင်းပြန်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။
ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းရဲ့ ဘာနာဒို ဆေးဗားလ်ကို ခေါ်ယူသွားလိုနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ဘာစီလိုနာက ကွင်းလယ် ကစားသမား ဖရန်ကီ ဒီယွန်းကို ရောင်းထုတ်နိုင်ခဲ့ရင် ပေါ်တူဂီသားကို ခေါ်ယူသွားဖို့ ကြိုးစားလာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

တကယ်လို့သာ မန်စီးတီးအသင်းအနေနဲ့ ဘာနာဒို ဆေးဗားလ်ကို မတတ်သာဘဲ လက်လွှတ်လိုက်ရမယ်ဆိုရင်တော့ ပြင်သစ်ထိပ်တန်းကလပ် လီယွန်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား လူးကပ်စ် ပါကေတာနဲ့ အစားထိုးသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ မန်စီးတီးဟာ ဘရာဇီးလ်သားကို စောင့်ကြည့်နေတာ ကြာမြင့်နေခဲ့ပြီ ဖြစ်ပါတယ်။
တိုက်စစ်ကြယ်ပွင့်လေး အာလင်း ဟော်လန်းနဲ့ပတ်သက်လို့ အသင်းဖော် နောက်ခံလူ ဂျွန် စတုန်းစ်က “သူဟာ မန်စီးတီးအတွက် သွင်းဂိုးတွေ အများအပြား ယူဆောင်ပေးလာနိုင်လိမ့်မယ်လို့ မြင်ပါတယ်။ သူရဲ့ တည်ရှိမှု၊ ငယ်ရွယ်နုပျိုမှုနဲ့ ခန္တာကိုယ် တည်ဆောက်မှုပိုင်း အစရှိတာတွေဟာ အမြန်နှုန်း၊ ခွန်းအား၊ အဆုံးသတ်ပိုင်းတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ တားဆီးရ ခက်ခဲလာစေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူနဲ့ ရင်ဆိုင်ခဲ့ဖူးပြီး ပြဿနာပေါင်းစုံ တက်ခဲ့ဖူးပါတယ်။” လို့ ချီးကျူးခဲ့ပါတယ်။
ရှက်ဖီးလ်ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းရဲ့ လူငယ်ကြယ်ပွင့်လေး ဂျိမ်းစ် မက်ကာတီကို အငှားခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းကလည်း အသက် ၁၉ နှစ်သားလေးကို အတွေ့အကြုံနဲ့ ပွဲထွက်ခွင့် ရစေဖို့ အတွက် အငှားထွက်ကစားစေဖို့ ဆုံးဖြတ်ထားတာကြောင့် အဆင်ပြေသွားဖွယ် ရှိနေပါတယ်။
