ဟာလန်းကို ဘုန်းမောက်က ဘယ်လိုတောင် ချုပ်ထားခဲ့သလဲ ထုတ်ဖော်ရင်း ကာကွယ်သွားတဲ့ ပက်

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဘုန်းမောက်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ ဟာလန်းနဲ့ ပတ်သက်လို့ စိတ်ရှည်ကြဖို့ ပြောဆိုခဲ့ပြီး ထိုပွဲမှာ ဟာလန်းကို ကစားသမားငါးယောက်လောက် ညှပ်ထားတယ်လို့လည်း ပြောကြားလိုက်ပါတယ်။

မန်စီးတီးက ဘုန်းမောက်ကို လေးဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ အိမ်ကွင်းပွဲမှာ တိုက်စစ်မှုးသစ် ဟာလန်းတယောက် ဂိုးပေါက်ပျောက် ခဲ့ပါတယ်။ ထိုပွဲက ဟာလန်းအတွက် မန်စီးတီးကစားသမားဘဝ ပထမဆုံးအိမ်ကွင်းပွဲကို ကစားခဲ့ရတာပါ။

ပွဲအပြီးမှာ ဂွါဒီယိုလာက “ဟာလန်းက ကမ္ဘာပေါ်မှာ အခက်ခဲဆုံး အလုပ်ကို လုပ်နေရတာပါ။ ခင်ဗျားက တိုက်စစ်မှူး တယောက်ဖြစ်တယ်၊ ပြိုင်ဘက် ခံစစ်ဧရိယာထဲမှာ နေရာယူရတယ်”

“ဘုန်းမောက် လိုမျိုး ဗဟိုနောက်ခံလူ သုံးယောက်နဲ့ ကွင်းလယ်မှာ နှစ်ယောက် ညှပ်ထားတဲ့ အနေအထားမှာ ခင်ဗျား ဆိုရင်ရော ဘယ်လိုရှင်သန်မလဲ။ ဒါ အရမ်းကို ခက်ခဲတာ ကျနော်တို့လည်း သိပါတယ်”

“ဒီအတွက် ကျနော်တို့ အခြေအနေတွေအများကြီးကို အဖြေရှာမှာပါ။ ဒါက အချိန်တခုပဲ လိုအပ်ပါတယ်။ မှန်ကန်တဲ့ အခိုက်အတန့်၊ မှန်ကန်တဲ့ လှုပ်ရှားမှုတွေနဲ့ ဟာလန်းနောက်က ကစားသမားတွေ သူ့ကို ပံ့ပိုးပေးဖို့ပဲ လိုအပ်ပါတယ်၊ သူ့ကို သံသယ ဝင်စရာ မရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာတော့ မန်စီးတီးရဲ့ အနိုင်ဂိုးနှစ်ဂိုးလုံးကို သွင်းယူပေး ခဲ့ပါတယ်။

ဘုန်းမောက်နဲ့ ပွဲမှာတော့ ဟာလန်းဟာ တပွဲလုံးမှာ ဘောလုံး ၉ ကြိမ်ပဲ ထိခွင့် ရရှိခဲ့ပါတယ်။ ဒါ့အပြင် အောင်မြင်တဲ့ ဘောလုံးပေးပို့မှုကလည်း ၂ ကြိမ်သာ ရှိခဲ့ကြောင့် လှောင်ပြောင် ခံနေရပါတယ်။ ဟာလန်းဟာ ဒုတိယပိုင်းမှာတော့ အရံတိုက်စစ်မှူး ဂျူလီယန် အယ်လ်ဗာရက်ဇ်နဲ့ လူစားလဲခဲ့ရပါတယ်။