ပြောင်းရွှေ့ကြေး မြင့်မြင့် တောင်းဆိုပြီး ဘာနာဒို ဆေးလ်ဗား ကို ရောင်းချဖို့ မန်စီးတီး ပြင်ဆင်နေ

မန်စီးတီးအသင်းက ကွင်းလယ်ပိုင်းမှာ အဓိကအားထားရတဲ့ ပေါ်တူဂီကွင်းလယ် ကစားသမား ဘာနာဒို ဆေးလ်ဗား ကို ရောင်းချသွားဖို့ စတင် ဆွေးနွေး နေပြီ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာ က ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလအတွင်းမှာ စိတ်ဝင်စားမှုရှိခဲ့ပေမဲ့ တရားဝင် ထိရောက်တဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာမျိုး မရှိခဲ့ပါဘူး။

ဒါကြောင့် နည်းပြ ပက်ဂွာဒီယိုလာ ပေါ်တူဂီ ကွင်းလယ်ကစားသမားကို ရာသီကုန်အထိ အသင်းမှာ ဆက်ကစား စေချင်တာကြောင့် အသင်းမှာ ဆက်ထိန်းဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် မန်းစီးတီးအသင်းဘက်ကတော့ ၂၀၁၇ ခုနှစ်မှာ ပြင်သစ်ကလပ် မိုနာကို အသင်းကနေ ခေါ်ယူထားခဲ့တဲ့ ဘာနာဒို ဆေးလ်ဗားကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ အထက်ရရှိရင် ရောင်းချသွားဖို့ ဆန္ဒရှိနေပြီး ကစားသမားနဲ့ ကလပ်အသင်းကြားမှာလည်း ဆွေးနွေးမှု တွေလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ အားကစားဒါရိုက်တာ ဖြစ်တဲ့ ဘီဂီရီ စတိန်း အနေဖြင့် ဘာနာဒို ဆေးလ်ဗားကို ရောင်းထုတ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်လာပြီ ဖြစ်သလို ဂျာမနီကွင်းလယ်လူ ဂန်ဒိုဂန်ကလည်း ၂၀၂၂-၂၃ ဘောလုံးရာသီကုန်မှာ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ကွင်းလယ်ပိုင်း အားဖြည့်နိုင်ဖို့ ရန်အတွက် အစားထိုး ကစားသမား ရှာဖွေ နေရပြီလည်း ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေ အတွင်းမှာပါ တည်ငြိမ်တဲ့ အရည်အသွေးမြင့် ခြေစွမ်းပိုင်းကို ပြသလာနိုင်တဲ့ ဒေါ့မွန်ကွင်းလယ် ကစားသမား ဘယ်လင်ဂမ်ကတော့ မန်စီးတီးအသင်းရဲ့ အနာဂတ် ကွင်းလယ် ပစ်မှတ် ဖြစ်လာနိုင် တာပဲ ဖြစ်ပါတယ်။