မက်မောလောက်စရာ ဇိမ်ခံ စံအိမ်တော်ကြီး တစ်ခုကို ငွေသားနဲ့ တခါတည်း အကြေပေး ဝယ်ယူလိုက်တဲ့ ဂရီးလစ်ရှ်

မန်ချက်စတာစီးတီး တိုက်စစ် ကြယ်ပွင့် ဂျက်ခ် ဂရီးလစ်ရှ်ဟာ ပေါင် ၆ သန်းတန် ခမ်းနားလွန်းတဲ့ စံအိမ်သစ်ကြီးကို ဝယ်ယူခဲ့ပြီး ထိုစံအိဟာ ဧက ၂၀ ကျယ်ဝန်းတဲ့ မြေနေရာပေါ်မှာ တည်ဆောက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင် ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နှစ်မှာ မန်ချက်စတာစီးတီးကို ပရီးမီးယားလိဂ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဘောလုံးသမိုင်းမှာ တန်ဖိုးအကြီးဆုံး အင်္ဂလိပ် ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း The Sun ရဲ့ ဖော်ပြချက်အရ ဂျက်ခ် ဂရီးလစ်ရှ်နဲ့ သူ့ရဲ့ ချစ်သူ ဆာရှာ အက်တ်ဝုဒ်တို့ဟာ စစချင်းမှာ မန်ချက်စတာစီးတီးမြို့လယ်က တိုက်ခန်းတစ်ခန်းမှာ ငှားနေခဲ့တယ်လို့ သိရပေမယ့် နောက်ဆုံးတော့ ဂရီးလစ်ရှ် ဟာ ခမ်းနားတဲ့ အိပ်ခန်း ၇ ခန်းပါဝင်တဲ့ စံအိမ်သစ်ကြီးကို ဝယ်ယူလိုက်ပြီဖြစ်ပါတယ်။

မန်ချက်စတာစီးတီး တောင်ပံ တိုက်စစ် ကစားသမားဟာ ဒီစံအိမ်သစ်ကြီးကို ယခုနှစ် အစောပိုင်းကတည်းက အပြီးသတ် ဝယ်ယူခဲ့တာဖြစ်ပြီး ငွေသားနဲ့ ပေးချေခဲ့တာလို့ သိရပါတယ်။

ဂရီးလစ်ရှ်ရဲ့ စံအိမ်ကြီးထဲမှာ များပြားလှတဲ့ အိပ်ခန်းအပြင် အခြား ကြောက်မက်ဖွယ်ရာ အရာတွေလည်း အများအပြား ပါဝင်နေပြီး ရေကူးကန်၊ တင်းနစ်ကွင်း၊ ဂေါက်ဖ်ကွင်း၊ အလေးမရုံနဲ့ အပန်းဖြေခန်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

အဲဒီထက် ပိုပြီး အံ့အားသင့်စရာကောင်းတာက ငါးမျှားကန်၊ ဟင်းသီးဟင်းရွက်စိုက်ခင်း၊ ကန်စပ်က အနားယူရာ အိမ်ငယ် တစ်လုံးနဲ့ ဟယ်လီကော်ပတာ ကွင်းပါ ပါဝင်ပြီး အသက် ၂၇ နှစ်အရွယ် ကစားသမားအနေနဲ့ လေ့ကျင့်ရေး အပိုပြုလုပ်ချင်ရင် ပန်းခြံထဲမှာ တကယ့် ဘောလုံးကွင်း အရွယ်အစား အတိုင်းရှိတဲ့ နေရာလွတ်လည်း ပါဝင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ထိုအိမ်မှာ အရေးကြီးတဲ့ ခေတ်မီ လုံခြုံတဲ့ လုံခြုံရေးကင်မရာတွေနဲ့ လုံခြုံမှုနဲ့ သီးသန့်ဆန်မှု အပြည့်အဝ ပေးနိုင်တဲ့ အလင်းပေးစနစ်တွေလည်း ရှိနေတာဖြစ်ပါတယ်။

ဂရီးလစ်ရှ်အနေနဲ့ အိပ်မက်နိုင်သမျှ အရာတွေအားလုံး ဒီစံအိမ်ကြီးထဲမှာ ရှိနေပြီး သာမန်လူတွေအတွက်တော့ အသက်ရှူဖို့တောင် မေ့သွားလောက်နိုင်တဲ့ ဇိမ်ခံအသုံးအဆောင်တွေနဲ့ ပြည့်နှက်နေတဲ့ စံအိမ်ကြီးလည်း ဖြစ်ပါတယ်။