ပက်က ဆာအဲလက်စ် ထက် သာတဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး နည်းပြ ပါ လို့ ချီးကျူးမှု၊ ဖာဒီနန်ရဲ့ တုန်ပြန်ချက်

မန်ချက်စတာစီးတီး နည်းပြ ပက် ဂွါဒီယိုလာဟာ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ထက်တောင် ပိုမိုကောင်းမွန်တဲ့ ပရီးမီးယားလိဂ်ရဲ့ တသက်တာ အကောင်းဆုံးနည်းပြ ဖြစ်တယ်လို့ ရော်ဘီ ဆားဗေ့ဂျ်က ပြောကြားခဲ့ပါတယ်။

အသက် ၅၁ နှစ်အရွယ် စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာ ဟာ လက်ရှိ အင်္ဂလန်မှာ တောက်ပနေတာ အပြင် စပိန်၊ ဂျာမနီနဲ့အင်္ဂလန်မှာ တောက်ပတဲ့ နည်းပြဘဝကို ပိုင်ဆိုင်ခဲ့ပြီးနောက် သမိုင်းမှတ်တမ်းစာအုပ်ထဲမှာ တစ်နေရာ အခိုင်အမာ ရရှိထားပြီးဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့နောက်မှာလည်း ဂွါဒီယိုလာဟာ အင်္ဂလန်မှာ ၎င်းရဲ့ တောက်ပတဲ့ နည်းပြဘဝကို ဆက်လက် ပိုင်ဆိုင်နေခဲ့ပြီး စီးတီးကို ၂ ရာသီဆက်တိုက် ချန်ပီယံ ဖြစ်စေခဲ့တာ အပါအဝင် ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်အထိ ကိုင်မြှောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် လူငယ်အကယ်ဒမီမှာ ကစားခဲ့ဖူးတဲ့ ရော်ဘီ ဆားဗေ့ဂျ်က စီးတီးနည်းပြဟာ ပရီးမီးယားလိဂ် သမိုင်းမှာ မြင်တွေ့ဖူးသမျှ နည်းပြတွေထဲက အကောင်းဆုံး နည်းပြဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ပက်က ကစားသမားတွေကို တိုးတက်စေပြီး သူ့အသင်းက မယုံနိုင်စရာပါပဲ။ ကျွန်တော့်အတွက်တော့ ပရီးမီးယားလိဂ် မှာ မြင်တွေ့ဖူးသမျှထဲမှာ အကောင်းဆုံးနည်းပြပါပဲ”လို့ ပြောကြားခဲ့တာပါ။

ဆာအဲလက်စ် ဖာဂူဆန် လက်အောက် ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်အထိ ကိုင်မြှောက်နိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်နောက်ခံကစားသမား ရီယို ဖာဒီနန်ကတော့ ဆားဗေ့ဂျ်ရဲ့ပြောကြားမှုကို အားပါးတရ ရယ်မောပြီး တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

“ဆောရီးဗျာ။ ခရစ္စ ဆက်တန် ပြောခဲ့သလိုမျိုးပဲ။ ခင်ဗျား အဲဒီလို ပြောခဲ့တဲ့အတွက် ကိုယ့်ကုတ်အကျီၤ ကိုယ် သွားယူပြီး ပြန်လိုက်တော့”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဖာဒီနန်ရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပေမယ့်လည်း ဆားဗေ့ဂျ်က ၎င်းရဲ့ မှတ်ချက်စကားကို အခိုင်အမာ ရပ်တည်ခဲ့ပြီး ဂွါဒီယိုလာက စီးတီးကို ဆုဖလားတွေရယူနိုင်တဲ့အသင်းအဖြစ် တိုးတက်အောင် ဘယ်လိုလုပ်ခဲ့လဲဆိုတာကို ထောက်ပြခဲ့ပါတယ်။

“ဒီမှာ နားထောင်။ ကျွန်တော် ပြောနေတဲ့အကြောင်းအရင်းက ဆာအဲလက်စ်က သူ့မှာ စံချိန်မှတ်တမ်းတွေ ရှိတာ သိသာပါတယ်။ ဒါပေမယ့် ဘက်ပေါင်းစုံ ခြုံကြည့်ရင် ဘာစီလိုနာမှာ၊ ဘိုင်ယန်မြူးနစ်မှာ၊ မန်စီးတီးမှာ ပရီးမီးယားလိဂ်မှာ စီးတီးလို အလယ်အလတ်တန်းအသင်းကို သူလုပ်ပေးခဲ့တာက ကျွန်တော် အဲဒီလိုမျိုး တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပါဘူး။ သူ အသင်းကို တိုးတက်အောင်လုပ်ခဲ့တဲ့ ပုံစံကိုပေါ့”

သူက သူ ဆုဖလား ရရှိခဲ့သင့်တဲ့အသင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီးတို့နဲ့ အတူ ဆုဖလားတွေ ရရှိခဲ့တယ်။ သူသာ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ဖလားသာ ရခဲ့ရင် တကယ်ကို တသက်တာ အကောင်းဆုံး ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးမှ အကောင်းဆုံးပါ” လို့ ဆားဗေ့ဂျ်က တုံ့ပြန်ခဲ့ပါတယ်။