အင်္ဂလန် – ပြင်သစ် ကွာတားဖိုင်နယ် ပွဲ မတိုင်ခင် အမ်ဘတ်ပီ အား စိန်ခေါ်သတိပေးလိုက်တဲ့ ဝေါ်ကာ

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်အဖြစ် ပြင်သစ်လက်ရွေးစင် အသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင် ကစားကြမယ့် ပွဲစဉ်မတိုင်မီ အင်္ဂလန်အသင်းနဲ့ မန်ချက်စတာ စီးတီး ရဲ့ ညာနောက်တန်း အစွန်ကစားသမား ကိုင်လီဝေါ်ကာက ပြင်သစ် တိုက်စစ်မှုး အမ်ဘတ်ပီ ကို စိန်ခေါ် သတိပေးစကား ဆိုလိုက်ပြီ ဖြစ်ပါတယ်။

မန်စီးတီးအသင်းနဲ့အတူ ရရှိထားတဲ့ ဒဏ်ရာပြဿနာကြောင့် အသက် ၃၂နှစ်အရွယ် ကိုင်လီဝေါ်ကာက အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ် ၂ပွဲမှာ ဝင်ရောက်ကစားပေးနိုင်ခြင်းမရှိပေမဲ့ ဝေးလ်အသင်းကို ၃ – ၀ နဲ့ကစားခဲ့တဲ့ အုပ်စုပိတ်ပွဲစဉ်တွင်တော့ ပြန်လည် ဝင်ရောက်ကစားပေးနိုင်ခဲ့ကာ ပုံစံကောင်းအချို့ကို ပြသနိုင်ခဲ့ ပါတယ်။

ဆီနီဂေါအသင်းနဲ့ ကစားခဲ့တဲ့ ၁၆ သင်း အဆင့် ပွဲစဉ်မှာလည်း ကိုင်လီဝေါ်ကာ ပါဝင်ကစားပေးထားနိုင်ခဲ့တာကြောင့် လာမယ့်စနေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ပြင်သစ်အသင်းနဲ့ ကစားရမယ့် ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်တွင်လည်း အင်္ဂလန်အသင်းနဲ့အတူ တွဲဖက်မြင်တွေ့ရဖို့ ရှိနေပါတယ်။

အင်္ဂလန်အသင်းရဲ့ ဝါရင့်ညာနောက်တန်း အစွန် ကစားသမား ဝေါ်ကာက

“ဘတ်ပီနဲ့က အကြိမ်အနည်းငယ် ယှဉ်ပြိုင်ကစားခဲ့ဖူးတဲ့အတွေ့အကြုံက ဒီပွဲစဉ်အတွက် အထောက်အကူ ဖြစ်လာမယ်ဆိုတာ မြင်သာပါတယ်”

“သူ့လို ထူးချွန်တဲ့ ကစားသမားမျိုးကို ထိန်းချူပ်ကစားရမှာက ခက်ခဲမှာပါ။ ဒါပေမဲ့ ခင်ဗျားအနေနဲ့ ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက် အနေနဲ့ အကောင်းဆုံး ကစားသမားတစ်ယောက်နဲ့ ယှဉ်ပြိုင်ကစားဖို့ ဆန္ဒရှိတယ်ဆိုရင် မက်ပီက အကောင်းဆုံး ကစားသမားတွေထဲမှ တစ်ယောက်ဖြစ်တာကြောင့် လာမယ့်ပွဲစဉ်က အခွင့်အရေးကောင်းတစ်ခုပါ”

“ကျွန်တော်သူ့ကို ကော်ဇောနီခင်း ကြိုဆိုနေမှာ မဟုတ်ပါဘူး။ ဂိုးသွင်းယူနိုင်အောင် ကြိုးစားကစားဖို့ ပြောပေးစမ်းပါ။ ကမ္ဘာ့ဖလားလို ပြိုင်ပွဲကြီးတစ်ခုမှာ ယှဉ်ပြိုုင်ကစားရမှာဖြစ်လို့ သေရင်မြေကြီး ရှင်ရင်ရွှေထီးပေါ့ဗျာ”

“ကျွန်တော့်မိသားစုအတွက် သူ ကျွန်တော့ကို အိမ်ပြန်ရအောင်စွမ်းဆောင်ဖို့ အခွင့်အရေးပေးသွားမှာ မဟုတ်ပါဘူး”လို့ ထုတ်ဖော် ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ပြင်သစ်အသင်းနဲ့ အတူ တောက်ပတဲ့ ခြေစွမ်းတွေကို ပြသနေတာကြောင့် ကမ္ဘာ့ကောင်းဆုံး ကစားသမားအဖြစ်ပါ ပြောဆိုချီးကျူးခြင်းခံနေရတဲ့ ကိုင်လီယန် အမ်ဘတ်ပီကို ဝေါ်ကာက ထိန်းချူပ် ကစားရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။