အကောင်းဆုံး ဆု ကို မက်ဆီ ကိုယ်တိုင် လွှဲပေးချင်ရအောင် အစွမ်းပြခဲ့တဲ့ စီးတီးရဲ့ ဂျူလီယန် အဲဗာရက်စ်
အာဂျင်တီးနား အသင်းကတော့ မနေ့ညက ဆီမီးဖိုင်နယ်မှာ ခရိုအေးရှား အသင်းကို ၃-ဝ နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်ပါတယ်။
အာဂျင်တီးနား အသင်း အတွက် မက်ဆီက ပင်နယ်တီကနေ ဦးဆောင်ဂိုး စတင် သွင်းယူပေးခဲ့တာ ဖြစ်ပြီး ကျန် နှစ်ဂိုး ကို မန်စီးတီး တိုက်စစ်မှုး ဂျူလီယန် အဲဗာရက်စ်က သွင်းယူပေးခဲ့တာပါ။ အသက် ၂၂ နှစ် အရွယ် တိုက်စစ်မှုးလေး ကလည်း မက်ဆီ နည်းတူ ညကပွဲမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပါတယ်။

ပွဲ အပြီးမှာ တစ်ဂိုးသွင်းတဲ့ အပြင် ဂိုးဖန်တီးမှုပါ လုပ်ခဲ့တဲ့ မက်ဆီက ပွဲစဉ် အကောင်းဆုံး ကစားသမား ဆု MOTM ရခဲ့ပြီး ထိုဆုကို အသင်းဖော် တစ်ဦးထံ ပြန်ပေးလိုကြောင်း မက်ဆီ က ဖွင့်ဟခဲ့ပါတယ်။ ဒီပွဲဟာ မက်ဆီ အတွက် ဒီပြိုင်ပွဲမှာ ၆ ပွဲ ကစားပြီး ၄ ကြိမ်မြောက် MOTM ဆု ရခဲ့တာလည်း ဖြစ်ပါတယ်။
MOTM ဆု လက်ခံယူအပြီးမှာ မက်ဆီ က သူ့ရဲ့ ဆု ကို ဒီပွဲ နှစ်ဂိုး သွင်းခဲ့တဲ့ အသင်းဖော် အဲဗာရက်စ် ကို ပေးချင်ကြောင်း ဆိုလာခဲ့တာပါ။
” အသင်းသားတိုင်းက ဒီနေ့ သိပ်ကို ကောင်းကောင်း လုပ်ပြသွားခဲ့တာပါ။ ဒီဆု ကို ကျနော် ဘယ်သူ့ကို ပြန်ပေးမလဲ ရွေးရမယ် ဆိုရင်တော့ ဂျူလီယန် (အဲဗာရက်စ်) ပါပဲ။ သူ ဒီနေ့ အထူးကို ခြေစွမ်းပြသွားခဲ့တာပါ။ ” လို့ ပြောဆိုခဲ့ပါတယ်။
အာဂျင်တီးနားဟာ ဒီကမ္ဘာ့ဖလား စတင်ချိန်မှာ ဆော်ဒီအသင်းကို ဦးဆုံး အုပ်စုပွဲမှာ ရှုံးခဲ့တာကြောင့် များစွာ လျှော့တွက်ခြင်း ခံခဲ့ရတာပါ။ ဒါပေမယ့် ထို ရှုံးပွဲက အာဂျင်တီးနား အသင်းကို ပိုပြီး တောင့်တင်းစေခဲ့တယ် လို့ ယူဆကြောင်းလည်း မက်ဆီက ဆိုခဲ့ပါတယ်။
ဒီနေ့ညမှာ ဆီမီးဖိုင်နယ် ဒုတိယပွဲ အဖြစ် ပြင်သစ်နဲ့ မော်ရိုကို အသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး အနိုင်ရတဲ့ အသင်းက အာဂျင်တီးနား နဲ့ ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
