လီဗာပူးနဲ့ ဖလားပွဲ ကစားဖို့ မန်စီးတီး အသင်းမှာ ကစားသမား သိပ် မရှိလို့ ဂွာဒီယိုလာ အခက်တွေ့နေ
ပက်ဂွာဒီယိုလာ က မန်ချက်စတာစီးတီး အသင်း အနေနဲ့ လာမည့် ဒီဇင်ဘာ ၂၂ ရက်နေ့ လီဗာပူးနဲ့ ကစားသွားရမယ့် ကာရာဘောင် ဖလား ပွဲစဉ်အတွက် လုံလောက်တဲ့ ကစားသမား ရှိမနေဘူးလို့ ဆိုလိုက်ပြီး ပွဲစဉ် ဇယား ရေးဆွဲပုံကို ဝေဖန်သွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်းမှာ တစ်ခုတည်းသော ခြေစမ်းပွဲကစားကာ ပြင်ဆင်ခဲ့ပြီး မိတ်ဖက် ကလပ် ဂျီရိုနာကို ဟာလန်း ဒီဘရိုင်းနား တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒါပေမယ့် အခြား စီနီယာ ကစားသမားတွေ ဆိုလို့ ဂွန်ဒိုဂန် မာရက်ဇ် ဆာဂျီဂိုးမက်ဇ် နဲ့ အရန်ဂိုးသမား အော်တေဂါ တို့သာ ပါဝင်ကစားခဲ့ကြပြီး ကျန်ကစားသမားတွေ ကတော့ လူငယ် ကစားသမားတွေပဲ ဖြစ်ပါတယ်။
ဂွာဒီယိုလာက လာမည့် ကြာသပတေးနေ့ လီဗာပူးနဲ့ အီတီဟတ်မှာ ကစားရမယ့် ကာရာဘောင်ဖလားပွဲစဉ် အတွက် လူမရှိတဲ့ အပေါ် စိတ်ပျက်နေပါတယ်။

လီဗာပူးနဲ့ ပွဲစဉ်အတွက် ဘယ်လို စီစဉ်ထားသလဲ ဆိုတဲ့ မေးခွန်းကို ဂွာဒီယိုလာက “ကျွန်တော်တို့မှာ စီနီယာ ကစားသမား ၄ ဦးသာ ရှိပါတယ်။ လောလောဆယ် ဒီ ၄ ၅ ဦးသာ ရှိထားတာကြောင့် အခြား လူတွေ ဘယ်လို ပုံစံနဲ့ ပြန် လာမလဲဆိုတာ ကျွန်တော်တို့ ကြည့်သွားရပါမယ်။
ကျွန်တော်တို့ဟာ ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ကျွန်တော်တို့မှာ ကစားသမား မရှိပါဘူး။ ဒါပေမယ့် ဘောလုံး လောကရဲ့ ဉာဏ်ကြီးရှင်တွေက ဒီလို ပွဲစဉ်ဇယားကို ရေးဆွဲထားခဲ့တာကြောင့် ကျွန်တော်တို့ ဒီပွဲကို ကစား သွားရမှာ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။
စီးတီးကစားသမား အများစုဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ နောက်ပိုင်းအဆင့်တွေကို တက်ရောက်ခဲ့ကြပြီး ယနေ့ည ဖိုင်နယ်မှာတော့ ဂျူလီယန်အယ်ဗာရက်စ် တစ်ဦးသာ ကစားရဖို့ ရှိနေပြီး ကျန်ကစားသမားတွေ ကတော့ လာမည့် ရက်ပိုင်းကျမှသာ အသင်းနဲ့ အတူ ပြန်လည် လေ့ကျင့်ခန်းဆင်းကြမှာ ဖြစ်ပြီး လီဗာပူးနဲ့ ပွဲစဉ်ကို ပါဝင်နိုင်ဖို့ အခြေအနေ သိပ်မရှိပါဘူး။
ဆက်လက်ပြီး ဂွာဒီယိုလာက “တစ်ချို့ ကစားသမားတွေဟာ အခု ပြန်လာကြပါပြီ။ တစ်ချို့ကတော့ လာမည့် ရက်ပိုင်း ကျမှပါ။ တဆင့်ချင်းစီ ကစားသမားတွေ ပြန်လည် ရောက်ရှိလာကြမှာပါ။ နေသန်အကီ ၊ လာပေါ့ နဲ့ ရိုဒရီ တို့ဟာ ပြန် လာနေကြပါပြီ။ အဲဒီနောက် အင်္ဂလန် နဲ့ ပေါ်တူဂီ ကစားသမားတွေ ပြန်လာကြမှာပါ။” လို့ ဆိုခဲ့ပါတယ်။
