အာဆင်နယ် သိပ်ကောင်းနေပေမယ့် အကြောင်း တစ်ချက်ကြောင့် မန်စီးတီးပဲ ဖလားယူမယ် လို့ ဆောင်းနက် သုံးသပ်

အာဆင်နယ် တို့ အမှတ်ပေးဇယားကို ၇ မှတ်ပြတ် ဦးဆောင်နိုင်တဲ့နောက် မန်စီးတီး တကယ်ပဲ ကျန်ခဲ့ပြီလား၊ ရာသီကုန်ရင် ဘယ်အသင်း ချန်ပီယံဖြစ်မလဲ ဆိုတာတွေကို ဂရေမီ ဆောင်းနက်က အခုလို သုံးသပ်သွားပါတယ်။

ဂရေမီ ဆောင်းနက်က ” ဟာလန်းကို ခေါ်ယူပြီးတဲ့နောက် မန်စီးတီးက ပရီးမီးယားလိဂ်မှာ ရှေ့ဆုံးက ပြေးနေတော့မှာပဲလို့ ထင်ခဲ့ကြပါတယ်။ ဖလားပြိုင်ပွဲက ပျင်းစရာ ကောင်းနေမှာကိုတောင် စိုးရိမ်ခဲ့ကြတာပါ။ ဒါပေမယ့် ထင်သလို မဟုတ်လာခဲ့ပါဘူး။ ဒါကြောင့်ပဲ ပရီးမီးယားလိဂ်က ကမ္ဘာ့အကောင်းဆုံးလိဂ် ဖြစ်နေတာပါ။

ဒီအချိန်မှာ အသင်းကြီး ၇သင်း ရှိနေပြီလို့ ပြောချင်ပါတယ်။ အက်ဒီဟောင်ရဲ့ ကိုင်တွယ်ပုံကောင်းတွေ၊ အသင်းရဲ့ စွမ်းဆောင်ရည်တွေကြောင့် နယူးကာဆယ်ကိုပါ အသင်းကြီးစာရင်းထဲ ထည့်ရပါတော့မယ်။

နှစ်သစ်ကူးမှာ လိဂ်ဂိုး ၂၀ ကျော်သွင်းထားတဲ့ ဟာလန်းရှိနေတဲ့ မန်စီးတီးဟာ ဇယားထိပ်နဲ့ ၂မှတ် ကွာနေလိမ့်မယ်လို့ ဘယ်သူ ထင်ခဲ့မှာလဲ။ ဒါတင်မကသေးပါဘူး။ အာဆင်နယ်ကိုလည်း ဒီလို အရှိန်ရလာလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။ ဖလားပြိုင်ပွဲကတော့ ကြည့်လို့ကောင်းနေပါပြီ။

ပက်ဂွာဒီယိုလာက အရင်တုန်းက လီဗာပူးရဲ့ ခြိမ်းခြောက်မှုကို စိုးရိမ်ခဲ့ရပေမယ့် ဒီနှစ်မှာတော့ မတူတော့ပါဘူး။ ဘာလို့လဲ ဆိုတော့ အာဆင်နယ်က လိဂ်မှာ အောင်မြင်ဖို့ အခွင့်အရေးကောင်း ရှိနေလို့ပါပဲ။

အာဆင်နယ်ဟာ လွတ်လပ်မှု၊ ယုံကြည်မှုတွေနဲ့ ကစားနေတယ်။ သူတို့က ဘယ်အသင်းကိုမဆို အသာစီးရယူနိုင်တယ်လို့ ယုံကြည်မိပါတယ်။ ဒါက အားကောင်းတဲ့ ယုံကြည်ချက်တစ်ခုပါ။ ဒါပေမယ့် စိုးရိမ်စရာ တစ်ခုက သူတို့မှာ ပလန်ဘီ မရှိနေတာပါ။ ဒါက ဝေဖန်နေတာ မဟုတ်ပါဘူး။

အာတီတာဟာ သူတို့စိတ်ကြိုက် ပွဲကို လွှမ်းမိုးနိုင်တယ်ဆိုပြီး ကစားသမားတွေအပေါ် ယုံကြည်မှု ရှိစေခဲ့တယ်။ ဖေဖော်ဝါရီမှာ မန်စီးတီးနဲ့တွေ့တဲ့အခါ အဲ့ဒီ့နည်းဗျူဟာက ဘယ်လို အကျိုးရှိစေမလဲဆိုတာ စိတ်ဝင်စားစရာ စောင့်ကြည့်ရမှာပါ။

အာဆင်နယ်ရဲ့ ဘုတ်အဖွဲ့ကလည်း ချီးကျူးမှုနဲ့ ထိုက်တန်ပါတယ်။ သူတို့ဟာ ခက်ခဲတဲ့ အချိန်တွေမှာတောင် အာတီတာကို ဆက်တိုက် ယုံကြည်မှုပေးခဲ့တယ်။ ပြီးတော့ မှန်ကန်တဲ့ ကစားသမားသစ် ခေါ်ယူမှုတွေလည်း လုပ်ခဲ့ပါတယ်။

ဒါပေမယ့် မေလမှာ စီးတီးကပဲ ဖလားယူသွားလိမ့်မယ်လို့ ကျွန်တော် ထင်နေတုန်းပါ။ သူတို့ကစားသမားတွေဟာ ဆက်တိုက် အောင်မြင်သူတွေဖြစ်ပြီး ယုံကြည်မှုဟာ သူတို့ခေါင်းထဲမှာ ရိုက်သွင်းထားတဲ့ မယုံနိုင်စရာ အရာတစ်ခု ဖြစ်ပါတယ် ” လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။