ပြင်းထန်တဲ့ အရေးယူမှုတွေ ရင်ဆိုင်ရနိုင်တဲ့ မန်စီးတီး၊ ပရီးမီးယားလိဂ်က စတင် စွဲချက်တင်လိုက်ပြီ
မန်ချက်စတာ စီးတီး အသင်း ဟာ ဘဏ္ဍာရေး ချိုးဖောက်မှု အကြိမ် ၁၀၀ ကျော် လုပ်ဆောင်ခဲ့တယ်လို့ ပရီးမီးယားလိဂ်ဘက်က စွဲချက် တင်လိုက်ပြီဖြစ်ကြောင်း အင်္ဂလန်သတင်းတွေက ဖော်ပြသွားပါတယ်။
၄ နှစ်ကြာခဲ့တဲ့ စုံစမ်းစစ်ဆေးရေးတွေ အပြီးမှာ မန်စီးတီးကို စွဲချက်တင်လိုက်ပြီ ဖြစ်ပြီး ဒီစွဲချက်တွေထဲမှာ မန်စီးတီး နည်းပြနဲ့ ကစားသမား လုပ်ခတွေ၊ ယူအီးအက်ဖ်အေ စည်းမျဉ်းတွေ၊ အကျိုးအမြတ်ရေးရာ ကိစ္စလို ဝင်ငွေပိုင်းဆိုင်ရာ ငွေကြေး အချက်အလက်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
မန်စီးတီးဟာ ၂၀၀၉-၂၀၁၀ ကစလို့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအထိ ၉ ရာသီစာအတွက် စည်းမျဉ်းပိုင်းဆိုင်ရာ ချိုးဖောက်ကြောင်း ပရီးမီးယားလိဂ်ရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ထားပါတယ်။ ဒီကိစ္စတွေကို ပရီးမီးယားလိဂ်ဘက်က လွတ်လပ်သော ကော်မရှင်အဖွဲ့ထံ လွဲပြောင်းပေးမှာ ဖြစ်ပါတယ်။

အကယ်လို့ မန်စီးတီးအသင်း အပြစ်ရှိကြောင်း ထင်ရှားမယ်ဆိုရင် ရမှတ် လျော့ခြင်း ပြစ်ဒဏ်မှသည် ပြိုင်ပွဲက ထုတ်ပယ်ခြင်း တွေထိ ပြင်းထန်တဲ့ အရေးယူခြင်းတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီကာလတွေအတွင်း မန်စီးတီးဟာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နဲ့ ကာရာဘောင်းဖလား ၃ ကြိမ် အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဟာ ၂၀၁၉ ခုနှစ်မှာ စတင်ပြီး မန်စီးတီးရဲ့ ဥပဒေ ချိုးဖောက်မှုတွေကို စတင် စုံစမ်းခဲ့ပါတယ်။ ၄ နှစ် အကြာ ဒီကနေ့မှာတော့ သူတို့ရဲ့ စွဲချက်တွေနဲ့ ပတ်သက်ပြီး တရားဝင် သတင်းထုတ်ပြန်လာခဲ့တာပါ။
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီတုန်းကလည်း မန်စီးတီးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ဖယ်ထုတ်ခံရမယ့် ယူအီးအက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့်လို့ ပြင်းထန်တဲ့ အရေးယူမှုတွေအစား ဒဏ်ကြေး ပေးဆောင်ခြင်းနဲ့တင် ပြီးပြတ်ခဲ့တာပါ။
ဒီတကြိမ်မှာတော့ ပရီးမီးယားလိဂ်မှာ ဖြစ်တာကြောင့် အယူခံဝင်ခွင့် မရှိဘဲ ချမှတ်တဲ့ ပြစ်ဒဏ်ကို ခံယူရမယ် လို့လည်း သတင်းတွေမှာ ဖော်ပြနေပါတယ်။
