မန်စီးတီးကို ပရီးမီးယားလိဂ်ကနေပါ လုံးဝ ကန်ထုတ်စေချင်နေတဲ့ ပြိုင်ဘက်အသင်းများ
မန်စီးတီး အသင်း ဘဏ္ဍာရေး စည်းမျဉ်းတွေ ချိုးဖောက်တယ် ဆိုပြီး စွဲချက်တင်ထားတဲ့ ကိစ္စသာ ပြစ်မှု ထင်ရှားမယ် ဆိုရင် မန်စီးတီးကို ပြိုင်ဘက်အသင်းတွေက မညှာတာဘဲ ပြစ်ဒဏ်ခံစေလိုနေကြတယ်လို့ စကိုင်းစပေါ့က ဖော်ပြလာပါတယ်။
မန်စီးတီးဟာ ၂၀၀၉-၂၀၁၀ ကစလို့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအတွင်း ဘဏ္ဍာရေးဆိုင်ရာ ချိုးဖောက်မှု ၁၀၁ ကြိမ် လုပ်ခဲ့တယ်လို့ ပရီးမီးယားလိဂ်ဘက်က စွဲချက်တင်ထားပါ။ အဆိုပါ စွဲချက်အပေါ် အရမ်း အံ့ဩရတယ်လို့ မန်စီးတီး ဘက်က တနင်္လာနေ့မှာ ပြန်လည် တုန့်ပြန် သတင်း ထုတ်ပြန်ထားပါတယ်။
လွတ်လပ်သော ကော်မရှင်ထံ လွဲပေးမယ့် ပရီးမီးယားလိဂ်ရဲ့ စွဲချက်တွေအတိုင်း အမှန်တကယ် အပြစ်ရှိခဲ့ရင် အပြင်းထန်ဆုံးဖြစ်လာမယ့် ပြစ်ဒဏ်က မန်စီးတီးကို အမှတ်ပေးဖလား ပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ဖြစ်ပါတယ်။

မန်စီးတီး ရယူခဲ့တဲ့ ချန်ပီယံ ဆုဖလားတွေကို ပြန်သိမ်းယူခြင်းက စိတ်ရှုပ်ထွေးစရာ ကောင်းပြီး အဓိပ္ပာယ် မရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြိုင်ဘက် အသင်းတွေက ခံစားမိနေတယ်။ အင်္ဂလန်ရဲ့ အင်အားကြီး ကလပ်တိုင်းဟာ ငွေကြေးချမ်းသာတာမို့ ငွေဒဏ် ချမှတ်ခြင်းကလည်း ဒီပြဿနာအတွက် ထိရောက်တဲ့ အရေးယူမှုလို့ မယုံကြည်ကြပါဘူး။
မန်စီးတီးကို ပြင်းပြင်းထန်ထန် အရေးယူဖို့ ဖိအားပေးနေကြတဲ့ ကလပ်တွေကတော့ အင်္ဂလန် ကြီး ၆ ကြီးလို့ ထင်ရှားတဲ့ မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူး၊ အာဆင်နယ်၊ ချယ်ဆီးနဲ့ တော့တင်ဟမ် ထဲက အသင်းတွေ အပါအဝင် အသင်းအချို့ ဖြစ်တယ်လို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၁၁ နှစ်အတွင်း အမှတ်ပေးဖလား ၆ ကြိမ် အနိုင်ရခဲ့တဲ့ မန်စီးတီးဟာ အပြစ်ရှိကြောင်း တွေ့ရှိလို့ ပြင်းထန်တဲ့ အရေးယူခြင်း ခံရရင် လိဂ်ပြိုင်ဘက်တွေထံက စာနာမှု ရရှိဖွယ် မရှိတာပဲ ဖြစ်ပါတယ်။
