ကြေးအကြီးဆုံး နာမည်ကျော် ရှေ့နေငှားပြီး ပရီးမီးယားလိဂ်ရဲ့ စွဲချက်တွေကို ချေပဖို့ မန်စီးတီး ပြင်ဆင်နေ
မန်စီးတီး အသင်း ဟာ ပရီးမီးယားလိဂ်ရဲ့ စွဲချက်တွေကို ရင်ဆိုင်ဖို့ရာ အင်္ဂလန်မှာ ကြေးအကြီးဆုံး ရှေ့နေ တစ်ဦး ဖြစ်တဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘော်ရစ်ဂျွန်ဆန်ရဲ့ အကြံပေးဟောင်းကို ရှေ့နေအဖြစ် ငှားရမ်းထားပြီဖြစ်ပါတယ်။
မန်ချက်စတာကလပ်ဟာ ၉ ရာသီစာအတွင်း အကြိမ် ၁၀၀ ကျော်ထိ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း ချိုးဖောက် ထားကြောင်း စွဲချက်တင်ခံထားရပြီး စုံစမ်းမှု ရလဒ်တွေကို လွတ်လပ်သော ကော်မရှင်ထံ လွဲပြောင်းပေးထားပြီ ဖြစ်ပါတယ်။ အပြစ်ရှိကြောင်း ထင်ရှားခဲ့ရင် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။
တစ်နာရီကို ပညာကြေး ပေါင် ၅၀၀၀ ကျသင့်တဲ့ Lord Pannick KC ဟာ ၂၀၂၀ တုန်းက အားကစားခုံရုံးမှာ မန်စီးတီးဘက်က ခုခံပေးခဲ့သူဖြစ်တယ်။ ဒီတစ်ကြိမ်မှာလည်း စွပ်စွဲမှုတွေကို အောင်မြင်စွာ ချေဖျက်နိုင်မယ်လို့ မန်စီးတီးက ယုံကြည်နေပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ကြေညာချက် ထွက်လာအပြီး နာရီအနည်းငယ် အကြာမှာ ဂွာဒီယိုလာရဲ့ လူစာရင်းနဲ့ ကလပ် အမှုဆောင်တွေ တွေ့ဆုံခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်ရဲ့ စွဲချက်တင်မှုဟာ မန်စီးတီးအသင်းကိုကော ကလပ်နဲ့ စာချုပ်ရှိထားတဲ့ ကစားသမားတွေ အတွက်ပါ သက်ရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။
ကစားသမား အချို့က ကလပ်အပေါ် မည်သည့် ပြစ်ဒဏ်တွေ ရောက်လာနိုင်သလဲ ဆိုတာကို သိလိုကြသလို အီတီဟက်ကွင်းမှာ ၎င်းတို့ ကိုင်မြောက်ခဲ့တဲ့ ဆုဖလားတွေ ပြန်ရုတ်သိမ်းခံရမလား ဘာဖြစ်သွားမယ်ဆိုတာကိုပါ သိလိုခဲ့ကြပါတယ်။
စီးတီးဘက်ကတော့ ကစားသမား၊ အေးဂျင့်တွေနဲ့ ဝန်ထမ်းတွေ ပါဝင်တဲ့ သီးသန့် စကားပြောမှုကို ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း လုပ်ဆောင်ထားပြီး ကိစ္စတွေကို ပုံမှန်အတိုင်း ဆက်လုပ်ဖို့ အကြံပေးထားပါတယ်။ ဒီကိစ္စကြောင့် ဂွာဒီယိုလာရဲ့အသင်း ဆုဖလား စိန်ခေါ်နေမှုကို ထိခိုက်စေမှာမျိုးကို စီးတီးဘက်က အလိုမရှိပါဘူး။
အနာဂတ်ရေးရာ အတွက်လည်း စီးတီးဟာ နွေမှာ ပုံမှန်အတိုင်း အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ ဆက်ရှိဖို့ အေးဂျင့်တွေဖြင့် ဆွေးနွေးခဲ့တယ်လို့ သိရတယ်။
