ဂွာဒီယိုလာ အကြိုက်တွေ့လို့ လာမယ့်နွေမှာ စီးတီး ခေါ်ယူချင်နေတဲ့ ထိပ်တန်း ဗဟို နောက်ခံလူ

ဥရောပထိပ်တန်း ကလပ်အသင်းတွေရဲ့ စောင့်ကြည့်ခြင်းကို ခံနေရသူ လိုက်ပ်ဇစ်အသင်း နောက်ခံကစားသမား ဂါဗာဒီယော့ဟာ မန်ချက်စတာ စီးတီး အသင်းနည်းပြ ပက် ဂွာဒီယိုလာ နှစ်သက်တဲ့ ကစားသမားတစ်ဦး ဖြစ်တာကြောင့် လာမဲ့ ရာသီမှာ အသင်းဆီ အရ ခေါ်ယူသွားချင်နေတယ်လို့ သိရပါတယ်။

အသက်(၂၁)နှစ် အရွယ်သာ ရှိနေသေးတဲ့ အရပ်အမောင်း (၆)ပေ (၁)လက်မ မြင့်မားသော ခရိုအေးရှား လက်ရွေးစင် ခံစစ်ကစားသမား ဂါဗာဒီယော့ဟာ ခရိုအေးရှား ထိပ်သီးကလပ် ဒိုင်နမိဇာဂရက်အသင်းမှာ စီနီယာ ကစားသမား ဘဝကို စတင်ခဲ့တာဖြစ်ပြီး ၂၀၂၀ခုနှစ် လိုက်ပ်ဇစ် အသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

လိုက်ပ်ဇစ်ကို ပြောင်းရွှေ့ပြီးနောက် ဇာဂရက်အသင်းမှာ တစ်ရာသီ အငှားနဲ့ ကစားပြီးမှ လိုက်ပ်ဇစ်ကို ပြန်လည် ရောက်လာခဲ့တဲ့ ဂါဗာဒီယော့ဟာ သူရဲ့ ဘွန်ဒစ်လီဂါ ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာပဲ ပွဲပေါင်း (၂၉)ပွဲ ပါဝင်နိုင်ခဲ့သလို မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း အသင်းအတွက် ပထမဆုံး ဥရောပွဲကို စတင် ကစားခဲ့ရပါတယ်။

အသက်(၂၁)နှစ်သာ ရှိသေးပေမဲ့ ခရိုအေးရှားအသင်းနဲ့အတူ ယူရို-၂၀၂၀ပြိုင်ပွဲရော ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေ အထိပါ ပါဝင်ဆင်နွဲဖြစ်ခဲ့တဲ့ ဂါဗာဒီယော့ဟာ အသက်အရွယ်နဲ့ မမျှအောင် ဘောလုံး အတွေ့အကြုံ ကောင်းတွေ ပိုင်ဆိုင်ထားခဲ့သူ ဖြစ်နေတာပါ။

၎င်းက ဟိုခံစစ် နေရာရော ဘယ်နောက်ခံလူအဖြစ်ပါ ကစားတတ်သူလည်း ဖြစ်နေတာကြောင့် အသင်းအတွက် နေရာစုံမှာ ကစားပေးနိုင်ပါတယ်။

ဒီလို အရည်အချင်းမျိုးနဲ့ ပြည့်စုံနေသူ ဂါဗာဒီယော့ကို မန်စီးတီးနည်းပြ ဂွာဒီယိုလာက သူရဲ့ မန်စီးတီးအသင်းဆီကို အရ ခေါ်ဆောင်သွားချင်နေပြီး အသင်း ခံစစ်ပိုင်းထဲ ရူဘင်ဒီးယက်စ်နဲ့ ဂါဗာဒီယော့တို့ကို တွဲဖက် အသုံးပြုသွားချင်နေပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက လိုက်ပ်ဇစ်နဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ထားတဲ့ ဂါဗာဒီယော့ဟာ လက်ရှိမှာ တန်ကြေး ယူရို(၇၅)သန်းလောက်အထိ ရှိနေတဲ့ ခံစစ်မှူးတစ်ဦးဖြစ်ပါတယ်။

ဂါဗာဒီယော့ဟာ ကာလရှည် စာချုပ် ချုပ်ဆိုထားခဲ့ပေမဲ့ အသင်းကြီးတွေမှာ ပါဝင်ကစားဖို့ ထိပ်တန်း နည်းပြတွေ လက်အောက်မှာ ပါဝင်ကစားဖို့ ဆန္ဒရှိနေတာဖြစ်လို့ သူ့ကို မန်စီးတီး အပါအဝင် ချဲလ်ဆီး လီဗာပူးလ်နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတွေကပါ အပြိုင် စိတ်ဝင်စားနေပါတယ်။