မန်စီးတီးမှာ မရှိတော့တာ တစ်ခု အာဆင်နယ်မှာ ရှိနေလို့ အားသာချက် ဖြစ်နေတယ်လို့ ဂွာဒီယိုလာ ဆို

မန်ချက်စတာစီးတီးဟာ အရင်ကလို ပွဲအဖြေကို ရုတ်ချည်း ပြောင်းလဲသွားနိုင်တဲ့ အခိုက်အတန့်တွေ မဖန်တီးနိုင်တော့သလို ဆုဖလား ဆာလောင်မှုမှာလည်း အာဆင်နယ်ကို လိုက်မမှီဘူးလို့ ပက် ဂွာဒီယိုလာက ထူးထူး ခြားခြား ထုတ်ဖော် ပြောဆိုလာပါတယ်။

လက်တလောမှာတော့ နောက်ကျ အနိုင်ဂိုးတွေသွင်းယူခဲ့တာက အာဆင်နယ်ဖြစ်ပြီး ဘုန်းမောက်ကို ၃-၂နဲ့နိုင်ခဲ့တဲ့ပွဲ၊ အက်စ်တွန်ဗီလာကို ၄-၂ နဲ့ နိုင်ခဲ့တဲ့ပွဲ၊ မန်ချက်စတာယူနိုက်တက်ကို ၃-၂ နဲ့ နိုင်ခဲ့တဲ့ပွဲတွေက သက်သေဖြစ်ပါတယ်။

“အာဆင်နယ်က ပရီးမီးယားလိဂ်ဖလားမရတာ နှစ်တွေအများကြီး ကြာနေပြီ။ အဲ့ဒါက သူတို့ကို ၉၃မိနစ်၊ ၉၆မိနစ်၊ ၉၈မိနစ်တွေမှာ ပွဲတွေကို အနိုင်ယူဖို့ အပို တွန်းအားတချို့ ဖြစ်စေပါတယ်။ အဲ့ဒါမျိုးက ကျွန်တော်တို့ အသင်းမှာ မရှိဘူး။

ဘာလို့လဲဆိုတော့ ကျွန်တော်တို့က နှစ်နှစ်ဆက် နှစ်ကြိမ်လောက် ဖလားရခဲ့တော့ အခုချိန်မှာ သိပ်ပြီး ပြင်းပြထက်သန်မှု မရှိနေတာပါ”လို့ ဂွာဒီယိုလာက ဆိုခဲ့ပါတယ်။

ဂွာဒီယိုလာပြောတာက စီးတီးကစားသမားတွေက သိပ်ပြီး အေးအေးဆေးဆေး ဖြစ်လွန်းနေတာပါ။ ပရီးမီးယားလိဂ် ဖလား အောင်မြင်ရတာက ဘယ်လိုလဲဆိုတာ သူတို့သိတယ်။ အာဆင်နယ်ကမသိဘူး။ အဲ့တော့ အရှုံးမပေးဘဲ အမြဲအနိုင်ရအောင်လုပ်ဖို့ အပိုတွန်းအား ဖြစ်စေတာပါ။

ဒီပွဲမှာ ဖလားအောင်မြင်မှု အတွေ့အကြုံက အရေးမပါပဲ ချန်ပီယံဆိုတာ သက်သေပြချင်စိတ်ကသာ အဆုံးအဖြတ် ပေးသွားလိမ့်မယ် လို့ ဂွာဒီယိုလာက ဆိုပါတယ်။

“အာဆင်နယ်က ရေပန်းစားနေဆဲပါပဲ။ ဘာလို့လဲဆိုတော့ သူတို့က ရှေ့မှာရှိနေလို့လေ။ ပုံမှန်အားဖြင့် ဒီနိုင်ငံမှာ မင်းက တခုခု အောင်မြင်မှုရပြီး နောက်ရာသီကို ကောင်းကောင်း မစတင်နိုင်ရင်၊ ဒါမှမဟုတ် တခြားအသင်းက ပိုကောင်းနေရင် မင်းက တည်ငြိမ်မှု ကျဆင်းသွားတာပဲ။

ဒါပေမယ့် ကျွန်တော်တို့က ကိုယ့်နေရာကိုယ် ရှိနေဆဲပါ။ ရာသီကုန်မှာ ဘာတွေဖြစ်လာမလဲ ကျွန်တော်မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ အဆုံးထိ တိုက်ပွဲ ဝင်ချင်ပါသေးတယ်”လို့ ဂွာဒီယိုလာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။