၁၁ မိနစ် အတွင်း လူစားလဲခဲ့တဲ့နောက် ဖိုဒန်နဲ့ အခြေအနေကို ဆောက်ဂိတ် ပြောဆို ရှင်းပြလာ

အင်္ဂလန်အသင်းရဲ့ အီတလီအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ လူစားဝင်ကစားပြီး ၁၁ မိနစ်အကြာ ပြန်လည် လူစားလဲခြင်း ခံလိုက်ရတဲ့ ဖိုဒန်တစ်ယောက် နည်းပြ ဆောက်ဂိတ်ကို ကွင်းထဲကမထွက်ခင် ပြစ်တင်ပြောဆိုခဲ့ဖွယ်ရှိတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပေမယ့် ဆောက်ဂိတ်ကတော့ အဆိုပါ သတင်းတွေကို ငြင်းဆိုသွားခဲ့ပါတယ်။

အီတလီအသင်းကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဖိုဒန်တစ်ယောက် ပွဲကစားချိန် ၆၉ မိနစ်မှာ လူစားဝင် ကစားခွင့် ရခဲ့ပေမယ့် လုခ်ရှောရဲ့ အနီကဒ်ပြစ်ဒဏ်ကြောင့် ပွဲကစားချိန် မိနစ် ၈၀ မှာ ထရစ်ပီယာနဲ့ လူစားလဲခြင်း ခံလိုက်ရပြီး ကွင်းထဲက မထွက်ခင် ဆောက်ဂိတ်ဘက်ကို လှည့်ပြီး စိတ်ဆိုးတဲ့ပုံစံနဲ့ ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်းမီဒီယာတွေကတော့ ဖိုဒန်တစ်ယောက် ဆောက်ဂိတ်ကို ပြစ်တင်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး ခန့်မှန်း ရေးသားနေကြပေမယ့် ဆောက်ဂိတ်ကတော့ အဆိုပါ ကိစ္စတွေကို ငြင်းဆန်သွားခဲ့ပြီး လာမယ့် ယူကရိန်းနဲ့ပွဲမှာ ဖိုဒန်ကို ထပ်မံထည့်သွင်းအသုံးပြုသွားဦးမှာ ဖြစ်ပါတယ်။

ဆောက်ဂိတ်က “ ခင်ဗျားတို့ ထင်နေသလို မဟုတ်ပါဘူး၊ ဖိုဒန်က ကျွန်တော့်ဘက်လှည့်ပြီး “ ရတယ်၊ အေးဆေးဆရာ၊ လူစားလဲမှ ဖြစ်မယ်ဆိုတာ ကျွန်တော်သိပါတယ် ”၊ ဆိုပြီး ပြောဆိုခဲ့တာပါ။

သူကိုယ်တိုင်လည်း ကျွန်တော်ဘာ့ကြောင့် ဒီလို လူစားလဲမှု ပြုလုပ်ရသလဲဆိုတာကို ကောင်းကောင်းသိပါတယ်၊ လုခ်ရှောကို ဆုံးရှုံးလိုက်ရတဲ့ အချိန်မျိုးမှာ ကျွန်တော်တို့ နောက်တန်းအင်အားကို မဖြစ်မနေ ပြန်လည် ဖြည့်တင်းဖို့ လိုအပ်ခဲ့ပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

အီတလီ လိုအသင်းမျိုးကို တစ်ယောက်လျော့အနေအထားနဲ့ ဆက်လက်ရင်ဆိုင်ဖို့ မဖြစ်နိုင်မှန်း တွက်ဆခဲ့တဲ့ ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး နောက်ခံလူ ထရစ်ပီယာ ဝင်လာခဲ့တာကြောင့် အင်္ဂလန်တို့ ယခုလို အဖိုးတန် ရလဒ်မျိုး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။