မန်စီးတီးကနေ ထွက်ခွာလာခြင်းက ဂွာဒီယိုလာကြောင့်ဆိုတဲ့ အချက်ကို ကန်ဆယ်လို ဖြေရှင်း
ဘိုင်ယန်မြူးနစ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက မန်စီးတီးကနေ အစွန်လူ ကန်ဆယ်လိုကို အပြီးသတ် ဝယ်ယူခွင့်ပါဝင်တဲ့ စာချုပ်နဲ့အတူ အငှား ခေါ်ယူထားပါတယ်။
ကန်ဆယ်လိုကို ပေါင်၆၁သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ကို အသုံးမချခဲ့ရင် ရာသီကုန်တဲ့အခါ ၎င်းက စီးတီးကိုပြန်သွားရမှာပါ။ သူ့ရဲ့ အံ့အားသင့်ဖွယ် ထွက်ခွာမှုဟာ ဂွာဒီယိုလာနဲ့ အဆင်မပြေဘူးဆိုတဲ့ ကောလဟလတွေကို မီးတောက်စေခဲ့ပေမယ့် ပေါ်တူဂီ အစွန်လူက ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ကန်ဆယ်လိုကပဲ “ ကျွန်တော် ဂွာဒီယိုလာနဲ့ ပြဿနာတက်ခဲ့တယ်ဆိုတာ လိမ်နေတာပါ။ တကယ့် အလိမ်အညာပါပဲ။ ပြီးခဲ့တဲ့ပွဲတွေအတွင်း ကျွန်တော်က အသင်းအတွက် အရေးပါတယ်လို့ မခံစားခဲ့ရတဲ့အတွက် နည်းပြနဲ့ စကားပြောခဲ့ပြီး သူက သဘောတူခဲ့တယ်။
ကျွန်တော် အသင်းကနေ ထွက်သွားဖို့ နည်းပြနဲ့ ကလပ်က ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒါက ကျွန်တော့်အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က အခွင့်အရေးအသစ်တွေကို နှစ်သက်တယ်။ မန်စီးတီးကို ဆန့်ကျင်ဖို့ မဟုတ်ပါဘူး။ ကျွန်တော်လိုချင်တဲ့ အဆင့်ကိုရောက်ဖို့ ခြေလှမ်းလှမ်းခဲ့တာပါ။
ကျွန်တော် ဖြစ်ချင်တဲ့ အနေအထားမျိုး ဖြစ်ခဲ့တဲ့အတွက် ပက်နဲ့ ကလပ်ကို အရမ်းကျေးဇူးတင်ပါတယ်။ သူတို့က ကျွန်တော်နဲ့ ကျွန်တော့်မိသားစုကို အရာအားလုံး ပေးခဲ့တာပါ။ ဒါကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ကန်ဆယ်လို ကစားနေတဲ့ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးတို့ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်မှာ ထိပ်တိုက်တွေ့နေတာဖြစ်ပြီး အဆိုပါပွဲမှာ ပေါ်တူဂီ အစွန်လူက ပါဝင်ကစားခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။
