လက်ရှိ ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းလယ်တွေ ဖြစ်တဲ့ ရိုဒရီနဲ့ ကတ်စ်မဲရိုးမှာ ဘယ်သူက ပိုကောင်းသလဲ
ကတ်စ်မဲရိုးနဲ့ ရိုဒရီတို့က လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား ၅ဦး စာရင်းထဲ ပါဝင်တာကြောင့် ဘောလုံးပရိသတ်တွေ ကြားထဲမှာ မန်ချက်စတာမြို့ခံ နှစ်သင်းရဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ ကတ်စ်မဲရိုးနဲ့ ရိုဒရီတို့မှာ ဘယ်သူက ပိုကောင်းလဲ ဆိုတဲ့ မေးခွန်းတခု ဖြစ်လာခဲ့ပါတယ်။
မန်ယူ နောက်ခံလူဟောင်း ရီယို ဖာဒီနန်ကတော့ ကတ်စ်မဲရိုးဟာ ခေါင်းဆောင်နိုင်တဲ့ အရည်အသွေးမျိုး ရှိတာကြောင့် ရိုဒရီထက် ပိုကောင်းတယ်လို့ ဆိုလာပါတယ်။
အသက် ၂၆နှစ် အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ရိုဒရီက အက်သလက်တီကို မက်ဒရစ် ကနေ မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမားတွေထဲက တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူပါ။

ရိုဒရီက ယခုနှစ်ရာသီမှာ မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံ ၄၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
ဖာဒီနန်က – “ကတ်စ်မဲရိုးက ကစားသမား တယောက် ဆိုတာထက် ပိုပါတယ်။ သူက ကွင်းထဲမှာဆိုရင် ခေါင်းဆောင်ကောင်း တယောက်ပါ။ ကတ်စ်မဲရိုးရဲ့ အတွေ့အကြုံတွေနဲ့ သူ ရထားတဲ့ ဆုဖလားတွေကို ကြည့်လိုက်မယ် ဆိုရင် သူက ရိုဒရီထက် သာတာ သေချာပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။
အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ယခုနှစ် ဘောလုံးရာသီ အစကမှ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက်ဆီ စတင် ရောက်ရှိချိန်မှာပဲ အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူပါ။
ကတ်စ်မဲရိုးက ဘရူနို ဖာနန်ဒက် ၊ အဲရစ်ဆင်တို့နဲ့ တွဲဖက်ကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းထားနိုင်သလို သူက မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၃၈ပွဲ အထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။
