စိန့်နဲ့ ပွဲမှာ အံ့ဖွယ် စံချိန်သစ်တွေ တင်ပလိုက်တဲ့ မန်စီးတီး ကြယ်ပွင့် ဒီဘရိုင်းနားနဲ့ ဟာလန်း

မနေ့ညက ဆောက်သမ်တန်ကို (၄-၁)ဂိုးနဲ့အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်စီးတီး နာမည်ကျော် ကစားသမား နှစ်ဦးဖြစ်တဲ့ ဒီဘရိုင်းနားနဲ့ ဟာလန်းတို့ဟာ တစ်ဦးချင်း စံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ကြပါတယ်။

ဆောက်သမ်တန်နဲ့ပွဲမှာ မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးကို ပထမပိုင်းပြီးခါနီးမှာ ဒီဘရိုင်းနား ကန်တင်လိုက်တဲ့ ဘောလုံးကို ဟာလန်းက အပိုင် ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

ဒါက ဒီဘရိုင်းနားအတွက် ပရီးမီးယားလိဂ် ဂိုးဖန်တီးမှု အကြိမ်(၁၀၀)ပြည့်ဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုး ဖန်တီးမှုအကြိမ်(၁၀၀)နဲ့အထက် ပြုလုပ်နိုင်တဲ့ ပဉ္စမမြောက်ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။

ဒီဘရိုင်းနားထက် ဂိုးဖန်တီးမှု ပိုများတာဆိုလို့ ဂန္ထဝင် ကစားသမားတွေဖြစ်တဲ့ လမ်းပတ်(၁၀၂ ကြိမ်)၊ ရွန်နီ (၁၀၃ ကြိမ်)၊ ဖာဘရီဂတ်စ် (၁၁၁ ကြိမ်)၊ ရိုင်ယန်ဂစ် (၁၆၂ ကြိမ်)တို့ပဲ ရှိပါတော့တယ်။

ဒါပေမဲ့ ဒီဘရိုင်းနားဟာ ပွဲပေါင်း(၂၃၇)ပွဲကစားအပြီးမှာပဲ ဂိုးဖန်တီးမှု အကြိမ်(၁၀၀)ပြည့်ခဲ့တာကြောင့် ဖာဘရီဂတ်စ် (၂၉၃ ပွဲ)ကို ကျော်ဖြတ်ပြီးတော့ ပွဲအနည်းဆုံးနဲ့ ဂိုးဖန်တီးမှု(၁၀၀)ပြုလုပ်နိုင်သူအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ဂိုးဖန်တီးမှုအများဆုံးအဖြစ် စံချိန်တင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဂန္ထဝင် ကစားသမားကြီး ရိုင်ယန်ဂစ်တောင် အကြိမ်(၁၀၀)ပြည့်မှတ်တမ်းရရှိဖို့ ပွဲပေါင်း(၃၆၇)ပွဲအထိ ကစားခဲ့ရပါတယ်။

ဆောက်သမ်တန်နဲ့ပွဲမှာ ဒီဘရိုင်းနား ဂိုးဖန်တီးမှုမှတ်တမ်းကောင်း ပိုင်ဆိုင်ခဲ့သလို ဟာလန်းကလည်း သွင်းဂိုး စံချိန် မှတ်တမ်းတွေ တင်ရှိနိုင်ခဲ့ပါတယ်။ ဟာလန်းဟာ ဒီဘရိုင်းနားရဲ့ ပေးပို့မှုကနေ အဖွင့်ဂိုးသွင်းယူခဲ့ပြီး ဒုတိယဂိုးကိုတော့ (၆၈)မိနစ်မှာ ဂရီးလစ်ရှ် တင်ပေးလိုက်တာကို နောက်ပြန်ကန်ချက်နဲ့ သွင်းယူခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်(၂၇)ပွဲကစားပြီးချိန်မှာပဲ ဟာလန်းက သွင်းဂိုး(၃၀)ပြည့်ခဲ့တာကြောင့် ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက် (၂၇)ပွဲကစားပြီး ဂိုး(၃၀)သွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲဦးထွက်ရာသီမှာ ဂိုး(၃၀)နဲ့အထက် သွင်းခဲ့တာက အန်ဒီကိုးလ် (၃၄ ဂိုး၊ ၁၉၉၃/၉၄)၊ ကယ်ဗင်ဖိလစ် (၃၀ ဂိုး၊ ၁၉၉၉/၀၀)နဲ့ အခု ဟာလန်းတို့သာရှိပြီး ဟာလန်းက အန်ဒီကိုးလ်ရဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့ နီးစပ်နေပါပြီ။

ဒါ့အပြင် ဒီရာသီ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံမှာ ဟာလန်းရဲ့ သွင်းဂိုး အရေအတွက်က (၄၂)ဂိုး အထိ ရှိလာပြီ ဖြစ်လို့ တစ်ရာသီအတွင်း ကိုယ့်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြတဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း နစ္စတယ်လ်ရွိုင်း (၄၄ဂိုး၊ ၂၀၀၂/၀၃)၊ လီဗာပူး တိုက်စစ်ကစားသမား ဆာလာ (၄၄ဂိုး၊ ၂၀၁၇/၁၈) တို့ကို အမီလိုက်နိုင်ခဲ့ပြီး မကြာခင် စံချိန်သစ် တင်နိုင်တော့မှာလည်း ဖြစ်ပါတယ်။