မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ် တို့ရဲ့ ဒီည ချန်ပီယံလိဂ် ပွဲ အတွက် ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ခန့်မှန်းချက်

မန်ချက်စတာ စီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့ ပွဲစဉ် ကတော့ ဒီနေ့ည အီတီဟက် ကွင်းမှာ ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။

နာမည်ကြီး ဘောလုံးပွဲ သုံးသပ်သူ တစ်ဦး ဖြစ်တဲ့ ခရစ်ဆက်တန်က မန်စီးတီးနဲ့ ဘိုင်ယန်တို့ ပွဲစဉ် အတွက် ဒေးလီးမေးလ် သတင်းဌာနကနေ ခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ဆက်တန် က ” နည်းပြ တူချယ်က ဂွာဒီယိုလာ အကြောင်း နောကျေနေပြီးသားပါ။ ချယ်ဆီးဟာ ၂၀၂၀-၂၁ ရာသီအတွင်း မန်စီးတီးကို ၃ကြိမ်ဆက်တိုက် အနိုင်ယူခဲ့ပြီးတော့ သူတို့ရဲ့ ဖလားလေးလုံး အိမ်မက်ကို လုံးဝ ဖျက်ဆီး ပစ်လိုက်တာပါ။ ပထမဆုံး အက်ဖ်အေဖလားမှာ။ ပြီးတော့ ပရီးမီးယားလိဂ်မှာ။ ပြီးတော့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ။

ပေါ်တိုက အဲ့ဒီ့ ကြမ္မာငင်တဲ့ညမှာ ဂွာဒီယိုလာဟာ ရိုဒရီရော ဖာနန်ဒင်ညိုကိုပါ အသုံးမပြုခဲ့ပါဘူး။ အဲ့ဒီ့အစား ကွင်းလယ်ခံစစ်မှာ ဂန်ဒိုဂမ်ကိုသုံးခဲ့ပြီး ဒီဘရိုင်းကို false 9 အနေနဲ့ ကစားစေခဲ့ပါတယ်။ အဲ့ဒီ့ ကမောက်ကမ ဂိမ်းပလန်းဟာ ပွဲကြီးတွေမှာ ဂွာဒီယိုလာတယောက် ဘယ်လောက် အတွေးလွန်တတ်တာဆိုတာကို သိသာစေခဲ့ပါတယ်။

တူချယ်ဟာ ချယ်ဆီးကို ဦးဆောင်ပြီးတော့ စီးတီးရဲ့ ပထမဆုံး ချန်ပီယံလိဂ်ဖလားကို ပုတ်ချပစ်ခဲ့တာပါ။ လာမယ့်ပွဲမှာ တူချယ်ဟာ ဂွာဒီယိုလာကို အနိုင်ယူနိုင်ကြောင်း ထပ်မံ သက်သေပြပြီး ဘိုင်ယန်အနေနဲ့ စီးတီးကိုဖြုတ်ချ ဖလားယူနိုင်ဖို့ မျှော်လင့်နေမှာပါ။

ဘိုင်ယန်ဟာ ဘွန်ဒက်စ်လီဂါကို စိုးမိုးထားနေကျဖြစ်ပြီး အသင်းတိုင်းထက်၊ ဂိုးအများဆုံး၊ ကန်သွင်းမှု အများဆုံး၊ ပေးပို့မှု အများဆုံး၊ ဘောလုံးပိုင်ဆိုင်မှု အများဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် စီးတီးနဲ့ တွေ့ရင်တော့ အဲ့လောက်ကြီး လွယ်ကူနေမှာ မဟုတ်တာ သူတို့ကောင်းကောင်းသိမှာပါ။

ဘိုင်ယန်ဟာ ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ ပီအက်စ်ဂျီကို အနိုင်ရခဲ့တုန်းက ၂ပွဲလုံး ဂိုးမပေးခဲ့ရပဲ ဒုတိယအကျော့မှာ ဘောလုံးပိုင်ဆိုင်မှု ၄၅ ရာခိုင်နှုန်းသာ ရခဲ့ပါတယ်။ သူတို့ရဲ့ စိတ်ရှည်သည်းခံမှုက အဆုံးအဖြတ် ဖြစ်သွားတာပါ။

ဘိုင်ယန်ဟာ အရှိန်ကောင်းတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းဖြစ်ပါတယ်။ ခံစစ်ကို ကျော်ဖြတ် ပြေးလွှားနိုင်တဲ့ ဘိုင်ယန်ရဲ့ အပြေးသမားတွေဟာ သူတို့ရတဲ့ ဘယ်လိုနေရာလွတ်ကို မဆို အသုံးချလိုက်နိုင်ပါတယ်။ အီတီဟဒ်က ပထမအကျော့မှာ တူချယ်က သူတို့တွေကို ထည့်သွင်းပြီး ကောင်တာထောက်မယ်လို့ ထင်ပါတယ်။

ကန်ဆယ်လိုကလည်း သူ့ကို ဂျာမနီ ပို့လိုက်တာ ဂွာဒီယိုလာ မှားကြောင်း သက်သေပြချင်နေပါလိမ့်မယ်။ ဘိုင်ယန်ရဲ့ နောက်တန်းမှာ ရွေးချယ်စရာတွေ အများကြီးရှိပေမယ့် ကန်ဆယ်လိုက မန်စီးတီး ကစားသမားတွေ အကြောင်းကို အူမချေးခါးပါမကျန် သိထားပါလိမ့်မယ်။ ” လို့ သုံးသပ် ခန့်မှန်းထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်း ရလဒ်ကတော့ မန်စီးတီး ၂-၁ ဘိုင်ယန်မြူးနစ် ဖြစ်ပါတယ်။