ဟာလန်းက ဘောလုံး ယှဉ်လုရင်း ဆွဲဆိတ်တတ်တဲ့ အကြောင်း ဖွင့်ဟလာတဲ့ ပြိုင်ဘက် နောက်ခံလူ

ဘရန့်ဖို့ဒ်နောက်ခံလူ ဘန်မီးဟာ ပြိုင်ဘက်တွေကို အနိုင်ယူဖို့ ဟာလန်း အသုံးပြုတတ်တဲ့ ထူးထူးခြားခြား အကျင့် တစ်ခုအကြောင်း ပြောပြခဲ့ပြီး မန်စီးတီးတိုက်စစ်မှူးဟာ ပြိုင်ဘက်နောက်ခံလူတွေကို ဆွဲဆိတ်လေ့ရှိတယ်လို့ ဖော်ထုတ် ပြောဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ် ၂၈ပွဲ ကစားထားရာမှာ ၃၂ဂိုး သွင်းထားတဲ့ ဟာလန်းရဲ့ အောင်မြင်မှုမှာ အရှိန်အဟုန်၊ သန်မာမှုနဲ့ ဂိုးသွင်းဖို့ ပင်ကိုယ်သိစိတ်တွေ ပါဝင်ခဲ့ပေမယ့် နော်ဝေသား ထူးထူးဆန်းဆန်း လုပ်တတ်တဲ့ အရာတစ်ခုအကြောင်းကို ဘန်မီးက ထည့်ပြောလာခဲ့တာပါ။

“သူက အားကောင်းတဲ့သူဆိုတော့ ကျွန်တော်တို့ နည်းနည်းပါးပါး တွန်းတိုက်ပြီး လုရတာမျိုး ရှိခဲ့တယ်။ အဲ့ကျရင် သူနဲ့ ကျွန်တော့်ကြားမှာ မသိမသာ ဆွဲဆိတ်တာမျိုးလေးတွေ လုပ်တတ်ပါတယ်”လို့ ဘန်မီးက ဆိုပါတယ်။

ဟာလန်းနဲ့ ဘန်မီးကြားထဲမှာ ဘယ်သူက ပိုပြီး အဲ့လိုလုပ်လေ့ရှိလဲလို့ ဂျေမီကာရေဂါက မေးမြန်းခဲ့ရာ နောက်ခံလူက –

“ဟာလန်း လုပ်တာပိုများပါတယ်။ ဒါပေမယ့် ကျွန်တော် ဗွေမယူပါဘူး။ အဲ့လိုလုပ်တာ ကျွန်တော် သဘောကျပါတယ်။ ကျွန်တော်တို့က သူ့ကို ဧရိယာထဲ မရောက်အောင် ကာကွယ်တဲ့နေရာမှာ ခန္ဓာကိုယ်ကို အသုံးချပြီး တွန်းတွန်း တိုက်တိုက် လုပ်ရတာပဲလေ”လို့ ဖြေကြားခဲ့တာပါ။

ဒါပေမယ့် သမာရိုးကျမဟုတ်တဲ့ ပရိယာယ်ဟာ ဘန်မီးရဲ့ ဘရန့်ဖို့ဒ်နဲ့ နိုဝင်ဘာမှာရင်ဆိုင်ရတုန်းက ဟာလန်းအတွက် ဘာမှ အသုံးမဝင်ခဲ့သလို ၂-၁ နဲ့ မန်စီးတီး ရှုံးခဲ့တဲ့ပွဲအတွင်း သူ ဂိုးပေါက်ပျောက်ခဲ့တဲ့အပြင် ပထမပိုင်းမှာ အဝါကဒ်ပါ ပြသခံခဲ့ရတာဖြစ်ပါတယ်။