ဘယ်နှဂိုး သွင်းမလဲက လွဲလို့ အီတီဟက်မှာ အာဆင်နယ် ရှုံးကို ရှုံးမှာ ဆိုတဲ့ ခရစ်ဆက်တန်ရဲ့ ခိုင်မာတဲ့ ခန့်မှန်းချက်

ဒီကြားရက်မှာတော့ မန်စီးတီးနဲ့ အာဆင်နယ် အသင်းတို့ဟာ အီတီဟက်မှာ ပရီးမီးယားလိဂ် ပွဲ ကစားဖို့ ရှိနေပြီး ဒီပွဲက ချန်ပီယံ အဆုံးအဖြတ် ဖိုင်နယ် ပွဲ တစ်ပွဲလို အသက်ဝင်နေတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတဲ့ ဒီနှစ်သင်းဟာ မနက်ဖြန် ဗုဒ္ဓဟူးနေ့ည ၁ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်ကတော့ အကြိတ်အနယ် ရှိကြမယ့် မန်စီးတီးနဲ့ အာဆင်နယ်တို့ ပွဲ အတွက် အခုလို သုံးသပ်ခန့်မှန်းထားပါတယ်။

ဒီပွဲအတွက် ကျနော်ရဲ့ ခန့်မှန်းချက်အပေါ် ကိုယ့်ဘာသာ အတော်လေး ယုံကြည်ချက်ရှိပါတယ်။ မသေချာတာ တစ်ခုတည်းက အာဆင်နယ်တို့ ဂိုးသွင်းနိုင်ပါ့မလား ဆိုတာပါပဲ။

အာဆင်နယ်ဟာ အဆိုးရွားဆုံး အခြေအနေမှာ ဒီပွဲကို ယှဉ်ပြိုင်ရတာဖြစ်ပြီး စီးတီးက သိပ်ကောင်းတဲ့ ခြေစွမ်းနဲ့ ပုံစံကောင်းတွေကို ရှာဖွေတွေ့ထားတာပါ။

အာဆင်နယ်တို့ ရဲရင့်ပါစေ စီးတီးကို ယှဉ်ကစားနိုင်ပါစေလို့ ကျနော် တကယ်ကို မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ အာဆင်နယ်ရဲ့ အားသာချက်က သူတို့ရဲ့ တိုက်စစ်ပါ ဒါပေမယ့်လည်း ကိစ္စတွေ အများကြီးမှာတော့ အိမ်ရှင် အသင်း ဘက်က အားသာနေပါတယ်။

ဆာကာ၊ မာတင်နယ်လီ၊ ဂျေးဆုတို့ သူတို့ရဲ့ ခြိမ်းခြောက်နိုင်စွမ်း အားလုံးနဲ့အတူ အီတီဟက်ကို ချီတက်ကြမှာ ဖြစ်ပေမယ့် ကုန်ခဲ့တဲ့ သီတင်းပတ်တွေမှာ သူတို့ရဲ့ ခံစစ်က အတော်လေးကို အားနည်းနေခဲ့ရာမှာ ဟာလန်းကို သူတို့တွေ ဘယ်လိုများ ရပ်တန့်နိုင်ပါ့မလဲ?

အကီ ဒဏ်ရာကြောင့် မပါနိုင်တာက စီးတီးအတွက် နည်းနည်းတော့ ခက်ခဲစေမှာပါ ဒါပေမယ့်လို့ ဂွာဒီယိုလာရဲ့ အသင်းက ပွဲကို လွှမ်းမိုးနိုင်ဆဲဖြစ်တယ်။ သူတို့ တိုက်စစ်ဆင်ပြီးဆိုရင် တကယ်ကို အညှာအတာ ကင်းပါလိမ့်မယ်။

ခရစ်ဆက်တန် ရဲ့ ခန့်မှန်းရလဒ် – မန်စီးတီး ၃-၁ အာဆင်နယ်။