ဖူလ်ဟမ်ကို နိုင်တဲ့ပွဲမှာ တွေ့ခဲ့ရတဲ့ မန်စီးတီးရဲ့ တိုးတက်မှုကြီး တစ်ခုကို ဂွာဒီယိုလာ အကျယ်ချဲ့ ချီးကျူး
မနေ့ညက ဖူလ်ဟမ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ မန်စီးတီးအသင်းရဲ့ အကြီးမားဆုံး တိုးတက်မှုကို တွေ့ခဲ့ရပြီဖြစ်တယ်လို့ နည်းပြ ဂွါဒီယိုလာက ပွဲ အပြီးမှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
စနေညက ကစားခဲ့တဲ့ ပွဲမှာ မန်ချက်စတာ ကလပ်ဟာ တိုက်စစ်မှူး အာလင်းဟာလန်း၊ အယ်လ်ဗာရက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။
ဖူလ်ဟမ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲဖြစ်တဲ့အတွက် မန်စီးတီးဟာ လန်ဒန်ကလပ်ရဲ့ ဖိအားပေး ကစားမှုကို ခံခဲ့ရပေမဲ့လည်း နည်းပြဂွါဒီယိုလာရဲ့ အသင်းဟာ ပွဲချိန် မိနစ် ၉၀ လုံးမှာ ဂိုးပေါက်တည့် ကန်ချက်တစ်ကြိမ်ပဲ ပေးခဲ့ရတာဖြစ်ပါတယ်။
ဒီပွဲဟာ စီးတီးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အိပ်မက်ကို အပြည့်အ၀ အသက်သွင်းပေးခဲ့တဲ့ ပွဲဖြစ်တဲ့အပြင် အကောင်းဆုံး ခံစစ် ကစားပုံကိုလည်း မြင်တွေ့ခဲ့ရတာကြောင့် ဂွါဒီယိုလာက သူ့အသင်းရဲ့ နောက်တန်း ကစားပုံအပေါ် အရမ်းကို သဘောကျခဲ့တာပါ။
ဒါကြောင့် ဒီပွဲရဲ့ ခံစစ် ကစားပုံဟာ အသင်းရဲ့ အကြီးမားဆုံး တိုးတက်မှု ဖြစ်ခဲ့တယ်လို့ စပိန်သား နည်းပြကြီးက အခုလို ချီးကျူးခဲ့ပါတယ်။

” ဘိုင်ယန်မြူးနစ်နဲ့ ပွဲအပြီး ပြန်ရောက်လာတော့ ကျွန်တော်တို့ နိုင်ပွဲတွေ ဆက်နေတာဖြစ်ပြီး အာဆင်နယ်ပွဲက အဓိက ပစ်မှတ်ဖြစ်ခဲ့တယ်။
ဒီနေရာကို ရောက်ဖို့အတွက် သူတို့ကို ကျွန်တော်တို့ ကျော်ဖြတ်ရတာပေါ့။ နောက်ပြီး အခုလို ပွဲမျိုး ကစားတဲ့အခါ နည်းနည်းလေး တော့ ကျသွားတာပေါ့။ ဒါပေမဲ့ အများကြီး ကျသွားတာမျိုး ကျွန်တော် မမြင်ပါဘူး။
ဘာကြောင့်လဲဆိုတော့ အသင်းက အဆင်သင့်ဖြစ်နေလို့ပါ။ ဒါပေမဲ့ ဖူလ်ဟမ်ရဲ့ ဒီရာသီ အရမ်းကောင်းတဲ့ အရည်အသွေးရယ်၊ မြက်ခင်းက လည်း နှစ်သင်းစလုံးအတွက် ကစားဖို့ အရမ်းကို ခြောက်သွေ့လွန်းနေတာရယ် ကြောင့် ဟန်ချက်ညီဖို့တော့ ခက်ခဲတာပေါ့။
သူတို့ ကစားတာ အရမ်းကောင်းပြီး တကယ်လည်း ထူးချွန်တယ်။ ကျွန်တော်တို့လည်း ကိုယ့်အရှိန်ကို သိပြီး ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။
ဒါဟာ အတိတ်ကာလနဲ့ ယှဉ်လိုက်ရင် ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ကွာဟချက်ပါ။ ကျွန်တော်တို့ ခံစစ် ကစားခဲ့တာလေ။ ဂိုးပေါက်တည့် တဲ့ ကန်ချက် ကျွန်တော်တို့ အများကြီး မပေးခဲ့ရဘူး။
ဒုတိယပိုင်းမှာ ၁၈ ကိုက် အကွာကနေ ကန်ချက် တစ်ကြိမ်လောက်ပဲရှိပြီး အဲဒီထက် မပိုခဲ့လောက်ပါဘူး။ ” လို့ ဂွါဒီယိုလာက ဖူလ်ဟမ်နဲ့ ပွဲအပြီးမှာ ပြောဆို သွားခဲ့တာ ဖြစ်ပါတယ်။
