မန်စီးတီးကို ကျော်ပြီး အာဆင်နယ် က ပရီးမီးယားလိဂ် ရနိုင်သေးတယ်လို့ အာတီတာ ကြုံးဝါး

အာဆင်နယ်နည်းပြ အာတီတာက အမှတ်ပေးဇယားထိပ်ဆုံးမှာ ကာလရှည် ဦးဆောင်နိုင်မှုကို စွန့်လွှတ်ခဲ့ရပေမယ့်လည်း ၎င်းရဲ့အသင်းက မန်စီးတီးအား ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရနိုင်ဆဲဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။

မြောက်လန်ဒန်ကလပ်အသင်းဟာ နောက်ဆုံး ၄ ပွဲမှာ နိုင်ပွဲ ရရှိခဲ့ခြင်းမရှိခဲ့တာဖြစ်ပြီး ၁၁ ဂိုးအထိ ခွင့်ပြုခဲ့ရပြီးနောက် လက်ရှိ မှာတော့ မန်ချက်စတာစီးတီးက တနင်္ဂနွေနေ့ညက ဖူလ်ဟမ်ကို အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးကို တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ ၁ ပွဲလျော့ ၁ မှတ်အသာနဲ့ ဦးဆောင်ထားတာဖြစ်ပြီး အာတီတာက ၎င်းရဲ့အသင်းဟာ သင်္ချာနည်းအရ မဖြစ်နိုင်သည့်တိုင်အောင် နောက်ဆုံးအချိန်အထိ အရှုံးပေးသွားမှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုခဲ့တာပါ။

“ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်ဆဲပါ။ ၅ ပွဲကစားဖို့ ကျန်နေသေးပြီး အရာတော်တော်များများက ဖြစ်လာနိုင်ပါသေးတယ်။

ကျွန်တော်တို့ လုပ်ရမယ့်ဟာက ပြီးခဲ့တဲ့အပတ်မှာ ဘာဖြစ်ခဲ့လဲဆိုတာကို မေ့ပစ်ဖို့နဲ့ အဲဒီကနေ သင်ယူပြီး လာမယ့်ပွဲ အိမ်ကွင်းမှာ ကျွန်တော်တို့ ပရိသတ်တွေနဲ့အတူ လန်ဒန်ဒါဘီမှာ အရာအားလုံးကို မှန်ကန်အောင်လုပ်ဖို့ အင်အားအပြည့်နဲ့ ရှေ့ဆက်သွားရမှာပါ”

အဲဒီတော့ မနက်ဖြန် ညပေါ့။ ဒါက ကျွန်တော် လိုချင်တဲ့အရာပါ။ မနက်ဖြန် အနိုင်ယူပြီး ဇယားထိပ်ဆုံးမှာ ရှိနေဖို့ပါ”လို့ အာတီတာ က ပြောကြားခဲ့ပါတယ်။