မန်စီးတီး – ရီးရဲလ် ထိပ်တိုက်တွေ့တဲ့ ပွဲမှာ ဘယ်အသင်းက တမုန်းကြိတ်ပြီး အနိုင်ယူပြမလဲ ရွန်းနီ ဟောကိန်းထုတ်
မန်ယူ ကစားသမားဟောင်း ဝိန်းရွန်နီက လာမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို အနိုင်ကစားရုံတင်မဟုတ်ဘဲ ချေမှုန်းပစ်တဲ့အဆင့်အထိ လုပ်ပစ်လိမ့်မယ်လို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။
ဒီပွဲကိုတော့ လာမယ့် မေလ ၁၀ ရက်နေ့မှာ ကစားသွားမှာဖြစ်ပါတယ်။ မန်စီးတီးကတော့ ဒီရာသီမှာ အဓိကဆုဖလား ၃ လုံးကို တပြိုင်တည်းရယူနိုင်တဲ့ အခွင့်အရေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
စီးတီးက အမှတ်ပေးဖလားအတွက်လည်း အာဆင်နယ်ကို ၄ မှတ်ဖြတ်ကာ ဦးဆောင်နေပြီး အက်ဖ်အေဖလားမှာ ဗိုလ်လုပွဲရောက်ရှိနေကာ မြို့ခံပြိုင်ဘက် ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဥရောပ ချန်ပီယံလိဂ်ဖလားအတွက်တော့ စီးတီးက ခက်ခဲတဲ့ ပြိုင်ဘက် ရီးရဲလ် မက်ဒရစ် အသင်းကို ကျော်ဖြတ်ရမှာလည်း ဖြစ်ပါတယ်။
ရွန်နီက “တကယ်လို့သာ မန်စီးတီးက ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင် သူတို့က ၁၉၉၉ တုန်းက ယူနိုက်တက် လို အသင်းမျိုးလို့ သတ်မှတ်ရမှာပါပဲ၊ ၂၀၀၈ တုန်းက ကျနော်တို့အသင်းကလည်း ခမ်းနားကြီးကျယ်ခဲ့ပါတယ်၊ ဒါပေမယ့်လည်း မန်စီးတီးလုပ်နေတာတွေက ကျနော်တို့ထက်ကို ပိုပါတယ်၊ သူတို့ မက်ဒရစ်ကို အနိုင်ရမှာပါ”
“သူတို့က ရီးရဲလ်မက်ဒရစ်ကို အနိုင်ကစားရုံတင်မဟုတ်ပါဘူး၊ အမှုန့်ပါကြိတ်ပစ်မှာပါ” လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ ရွန်နီဟာ မြို့ခံပြိုင်ဘက်အသင်းဟောင်းကို အထင်ကြီးနေတာဖြစ်ပြီး ချန်ပီယံလိဂ်ဘုရင်ကြီးကို ကျော်ဖြတ်နိုင်မယ်လို့ အခိုင်အမာပြောဆိုခဲ့တာပါ။
ရွန်းနီ သုံးသပ် ပြောသလို ဖြစ်လာမလားဆိုတာကတော့ ဒီရက်ပိုင်းအတွင်း မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
