ဟာလန်း အရမ်း လူကပ်ခံထားရကြောင်း ညည်းလာတဲ့ ပက်၊ ပွဲကြည့်စင်မှာ ရန်ဖြစ်ခဲ့ရတဲ့ ဟာလန်းဖခင်

မနေ့ညက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲမှာ မန်စီးတီးက ၁-၁ သရေ ရလဒ် သာ ရယူနိုင်ခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ထိုပွဲမှာ ဟာလန်းအတွက် နေရာလွတ်တွေ မရခဲ့တာနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြား လာခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်ဗဟိုနောက်ခံလူနေရာမှာ ရူဒီဂါနဲ့ အလာဘာတို့ ပွဲထွက်ခဲ့ပြီး ဟာလန်းကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ဟာလန်းတစ်ယောက် ဂိုးမရဘဲ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရသည့်တိုင် ဂွါဒီယိုလာကတော့ ပွဲအစအဆုံး လူစားလဲမှုတစ်ခုတောင်မှ ပြုလုပ်သွားခဲ့ခြင်းမရှိပါဘူး။ ဟာလန်းက ဒီရာသီမှာ မန်စီးတီးအတွက် ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားဖြစ်ပြီး ဒီပွဲမှာလည်း တစ်ခုခုလုပ်ပြနိုင်ဖို့ ပရိသတ်တွေက မျှော်လင့်ခဲ့ပါတယ်။

ဒါ့အပြင် ပထမပိုင်းမှာလည်း မန်စီးတီးတို့ ပွဲကို ထိန်းချုပ်ထားနိုင်ချိန်မှာ ဂိုးမသွင်းနိုင်ခဲ့ဘဲ ပထမပိုင်းပြီးခါနီးမှာ အိမ်ရှင်အသင်းကို ဦးဆောင်ခွင့်ပေးလိုက်ရပါတယ်။

ဒီအပေါ်မှာ ဂွါဒီယိုလာက “ဒါက ဘောလုံးပါပဲ။ တစ်ဖက်အသင်းက ရီးရဲလ်မက်ဒရစ်ပါ။ ဒီတော့ ကျွန်တော် အံ့အားသင့်နေမှာ မဟုတ်ပါဘူး။ တိုက်စစ်ကစားနေချိန်မှာ ကျွန်တော်တို့ အသင်းဟန်ချက်ကို ထိန်းချုပ်နိုင်မလားဆိုတာကို ကြည့်ရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါပွဲက ဟာလန်းရဲ့ အနေအထားနဲ့ပတ်သက်လို့လည်း စပိန်လူမျိုးနည်းပြကြီးက “အလာဘာနဲ့ ရူဒီဂါတို့က ဟာလန်းနဲ့ အရမ်းကို နီးကပ်လွန်းခဲ့ပါတယ်။ သူတို့ရဲ့ ဗဟိုနောက်ခံလူတွေ၊ နောက်ခံအစွန်လူတွေကြား နေရာလွတ် ကလည်း မရှိပါဘူး”

“ဒီတော့ ဟာလန်းအတွက် နေရာလွတ်ရှာရတာ မလွယ်ကူခဲ့ပါဘူး။ ကျွန်တော်တို့ ရစ်သမ်ပိုမိလာဖို့အတွက် အပြောင်းအလဲ တစ်ချို့ကို ပြုလုပ်သွားဖို့ ကြိုးစားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

မနေ့ညက ပွဲကြည့်စင်မှာ ဟာလန်းရဲ့ ဖခင် ဖြစ်သူကလည်း မက်ဒရစ် ပရိသတ်တွေနဲ့ ရန်ပွဲ ဖြစ်ခဲ့သေးပြီး လုံခြုံရေးက လာရောက် လူစုခွဲခဲ့ရတယ်လို့လည်း သိရပါတယ်။

ဒီနှစ်သင်းဟာ ဒုတိယအကျော့ကိုတော့ မန်စီးတီးရဲ့အိမ်ကွင်း အီတီဟတ်မှာ ယှဉ်ပြိုင်ကစားသွားကြမှာလည်း ဖြစ်ပါတယ်။