မက်ဆီကိုတောင် မေ့သွားစေတဲ့ ဒီဘရိုင်းရဲ့ ဂိုးကန်ချက်ကို အွန်နရီ တသသ ချီးကျူးစကားဆို

ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ ဒီဘရိုင်းရဲ့ ဒုတိယပိုင်း ချေပဂိုးသွင်းတဲ့ ကန်ချက်ဟာ မန်စီးတီးအတွက် အဝေးကွင်းမှာ သရေ ရလဒ် ရယူပေးခဲ့သလို အဝေးကွင်း ပရိသတ်တွေကို အုတ်အော်သောင်းနင်းဖြစ်စေခဲ့ပါတယ်။

ဘယ်ဂျီယမ်အသင်းမှာ လက်ထောက်နည်းပြလုပ်ခဲ့ဖူးတဲ့ အွန်နရီက ဒီဘရိုင်းရဲ့ ဘောလုံး ဦးနှောက်ကို အတော်လေး အထင်ကြီးနေတယ်။

ဒါကြောင့်ပဲ ဘလွန်းဒီအော ၇ ကြိမ်အနိုင်ရ မက်ဆီကိုတောင် မေ့လျော့ပြီး မြင်ဖူးသမျှ ဦးနှောက် အကောင်းဆုံး ကစားသမားအဖြစ် အွန်နရီက ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

“ ဒီနေ့မှာ ဒီဘရိုင်းက အထင်ပေါ်ဆုံး ဖြစ်ခဲ့တာ။ သူ့အတွက် ပွဲကောင်းတစ်ပွဲတောင် မဟုတ်ခဲ့ဘူး။ ဒါပေမယ့် အရေးပါတဲ့ဂိုးတစ်ဂိုး ဖြစ်ခဲ့တယ်။ အကောင်းဆုံး ကစားသမား တချို့ကို ကျွန်တော် ရင်ဆိုင်ခဲ့ဖူးတယ်၊ တွဲကစားခဲ့ဖူးတယ်၊ မြင်ခဲ့ဖူးပါတယ်။ ဒီဘရိုင်းက ကျွန်တော် မြင်ဖူးသမျှထဲ ဦးနှောက် အကောင်းဆုံးပဲလို့ ထင်တယ်။

တချို့နေရာတွေ၊ တခါတလေမှာ သူ တွေးနေတဲ့အရာကို ကျွန်တော် မသိဘူး။ သူ့ကိုကြည့်လိုက်ရင် ကျွန်တော်တို့နဲ့ မတူသလိုပဲ။ ဒါက ပြဿနာတစ်ခုပဲ။ ဘာလို့လဲဆိုတော့ ကိုယ့်က သူနဲ့ လယ်ဗယ် မတူဘူး ဖြစ်နေလို့လေ။ သူက ကျွန်တော့်ဘဝမှာ မြင်ဖူးသမျှထဲ အပါးနပ်ဆုံး ကစားသမားပါ။

ဒီဘရိုင်းရဲ့ တွေးခေါ်မှုထက် ပိုသာတဲ့သူမရှိဘူး။ ဘယ်ဂျီယမ်အသင်းမှာ သူ့ကို ကွင်းတွင်း ကွင်းပြင် ၆နှစ်လောက် သိကျွမ်းခဲ့တာ။ သူ့ကို ပိုပြီးတော့ သဘောကျလာရတယ်။ ဘာလို့လဲဆိုတော့ လေ့ကျင့်ရေးတွေ၊ ပွဲတွေမှာ သူလုပ်ခဲ့တဲ့ အရာတွေကို မြင်ရလို့ပဲ။

သူက ပြီးပြည့်စုံတဲ့သူ၊ မယုံနိုင်စရာ ကောင်းတဲ့သူပါ။ သူ့ဦးနှောက်က တခြားဂြိုလ်ကနေ လာသလိုပဲ။ ကျွန်တော် မြင်ခဲ့ရတဲ့ ဒီဘရိုင်းရဲ့ အရည်အချင်းတွေနဲ့ ပတ်သက်ပြီး စဉ်းစားလို့ မကုန်နိုင်အောင်ပါပဲ ” လို့ အွန်နရီက ချီးကျူးခဲ့တာ ဖြစ်ပါတယ်။