၇ ပွဲ ကစားပြီး ဆုဖလား ၃ လုံးရရင် စံချိန်တင် ဆုကြေး ပေါင် သန်း ၃ဝဝ ထိ ရရှိသွားမယ့် မန်စီးတီးအသင်း

အခုဘောလုံးရာသီမှာ သမိုင်းဝင်ဖလားသုံးလုံးအောင်မြင်မှုကို မန်စီးတီးအသင်း ဆွတ်ခူးနိုင်မယ်ဆိုပါက ဆုကြေးငွေအဖြစ် ပေါင်သန်း ၃၀၀ ဝန်းကျင် ရရှိသွားဖို့ ရှိနေပါတယ်။

တစ်ရာသီအတွင်း ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်ဖို့ ပက်ဂွါဒီယိုယာရဲ့ အသင်းက စုစုပေါင်း ခုနစ်ပွဲလောက်သာ ကစားရဖို့ ကျန်ရှိပါတော့တယ်။

နောက်ဆုံးဘောလုံးရာသီခြောက်ခုအတွင်း ငါးကြိမ်မြောက်ပရီးမီးယားလိဂ်ချန်ပီယံဆုကို သိမ်းပိုက်နိုင်မယ်ဆိုပါက ပြီးခဲ့တဲ့နှစ်မှာ ရရှိခဲ့တဲ့ ဆုကြေးငွေပမာဏဖြစ်တဲ့ ပေါင် ၁၆၄ သန်းဝန်းကျင်ကို မန်စီးတီးတို့ ရရှိနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ပြီးခဲ့တဲ့လအတွင်း SunSportရဲ့ သတင်းထုတ်ပြန်မှုအရ အသင်းအတွက် ပထမဆုံးအကြိမ်ချန်ပီယံလိဂ်သရဖူက အီတီဟတ်ကလပ်ကို ဆုကြေးငွေ ၁၁၇ ဒဿမ ၂ သန်းအထိ ပိုင်ဆိုင်စေလိမ့်မယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ စပိန်မြေမှာ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့) ပွဲစဉ်အပြီး ပက်ဂွါဒီယိုလာရဲ့အသင်းက ဇွန်လ၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီးဆီကို အရောက်သွားနိုင်ဖို့ ရေပန်းစားလာပါတယ်။

ဒါ့အပြင် ဇွန် ၃ ရက် အက်ဖ်အေဖလားဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူနိုင်မယ်ဆိုရင် မန်စီးတီးတို့ ဆုကြေးအဖြစ် ပေါင် ၃ ဒဿမ ၉ သန်းကို ချီးမြှင့်ခံရပါလိမ့်မယ်။

ဒါကြောင့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ အံ့ဖွယ်ဖလားသုံးလုံးအောင်မြင်မှုကို မန်စီးတီးတို့ ဆွတ်ခူးနိုင်မယ်ဆိုရင် မယုံနိုင်လောက်စရာဆုကြေးပမာဏဖြစ်တဲ့ စုစုပေါင်း ပေါင် ၂၈၅ ဒဿမ ၁ သန်းကို ရရှိမယ်လို့ မျှော်လင့်ရပါတယ်။