ရီးရဲလ်ကို ရှောင်ပြီး မန်စီးတီးနဲ့ပဲ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တွေ့ချင်တယ် ဆိုလာတဲ့ အင်တာအကြီးအကဲ
စီးရီးအေကလပ် အင်တာမီလန် အသင်းဟာ မနေ့ညက ဆီမီးဖိုင်နယ် ဒုကျော့မှာလည်း အေစီမီလန်ကို ၁-၀ နဲ့ နိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၃-၀ ဖြင့် အနိုင်ရပြီး ကလပ်သမိုင်းရဲ့ ၆ ကြိမ်မြောက် ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အင်တာမီလန် က ဗိုလ်လုပွဲမှာ ဒီကနေ့ည ယှဉ်ပြိုင်ကစားမယ့် မန်စီးတီး vs ရီးရဲလ်မက်ဒရစ်ပွဲမှာ အနိုင်ရတဲ့ အသင်းနဲ့ ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။
အင်တာမီလန် အနေနဲ့ ဗိုလ်လုပွဲ ပြိုင်ဘက် အဖြစ် မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ် နှစ်သင်းထဲက ဘယ်အသင်းနဲ့ ထိပ်တိုက်တွေ့ချင်သလဲ လို့ မေးခွန်းထုတ်ခံခဲ့ရရာ အင်တာအသ်ငး ဒု ဥက္ကဋ္ဌ ဖြစ်သူ ဇာနတ်တီက တုန့်ပြန် ဖြေကြားမှု ပြုလုပ်ခဲ့ပါတယ်။
ဇာနတ်တီက “ ကျနော်ကတော့ ရီးရဲလ်မက်ဒရစ်ကို ရှောင်ချင်တယ်။ ဘာလို့လဲဆိုတော့ ဒီပြိုင်ပွဲက သူတို့အတွက်လိုကို ဖြစ်နေလို့ပါပဲ။
ဒါပေမယ့်လို့ အရေးကြီးဆုံးက ကျနော်တို့ ဖိုင်နယ်ကို ရောက်လာပြီ။ ဒါက ခက်ခဲတဲ့ ကွင်းဖြစ်ခဲ့သလို ဒါဘီပြိုင်ဘက်နဲ့ နှစ်ကျော့ ကစားရတာက မလွယ်ကူခဲ့ပါဘူး ” လို့ ဝန်ခံခဲ့ပါတယ်။
အင်တာမီလန်ဟာ မရဏအုပ်စုလို့ နာမည်ကြီးတဲ့ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ ဗစ်တိုးရီးယား တို့နဲ့ အတွဲကျခဲ့တာဖြစ်ပြီး အုပ်စုအဆင့်ကို ကျော်လွန်လာခဲ့တာပါ။ အဲ့နောက် ပေါ်တို၊ ဘင်ဖီကာနဲ့ မီလန်တို့ကို ရှုံးထွက်တွေမှာ ဖြုတ်ချလာခဲ့ပါတယ်။ ရှုံးထွက် ၆ ပွဲမှာ ၅ ပွဲထိကို clean sheet ရခဲ့တာပါ။
ဇာနတ်တီကပဲ “ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ မယုံနိုင်စရာတွေ လုပ်ပြနိုင်ခဲ့တယ်။ အသင်းနဲ့ နည်းပြကိုလည်း ဒီခက်ခဲတဲ့ အခိုက်အတန့်တွေကို ကျော်ဖြတ်နိုင်ခြင်းအတွက် ဂုဏ်ပြုပါတယ်။ အင်ဇာဂီက စကားများများ မပြောပေမယ့် ဖိုင်နယ်ကို ရောက်ဖို့ ထိုက်တန်ကြောင်း သက်သေပြခဲ့ပါတယ် ” လို့ အသင်းကို ချီးကျူးသွားတာပဲ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အင်တာနဲ့ တွေ့မယ့် ပြိုင်ဘက် က ဘယ်အသင်းလဲ ဆိုတာကိုတော့ ဒီနေ့ညမှာ အဖြေ သိရတော့မှာ ဖြစ်ပါတယ်။
