ဒီနှစ် မန်စီးတီးက ဆရာကျသွားပြီ လို့ ဂိုးပြတ် ရှုံးပွဲအပြီး ဝန်ခံစကားဆိုလာတဲ့ အန်ဆလော့တီ

မန်စီးတီးအိမ်ကွင်းမှာ ၄-၀ ဂိုးရလဒ်နဲ့ အရှက်တကွဲ ရှုံးပြီး ပြိုင်ပွဲကနေ ထွက်သွားခဲ့ရတဲ့ ရီးရဲလ်နည်းပြ ကာလို အန်ဆလော့တီက စီးတီး ခြေစွမ်းကို ချီးကျူးခဲ့ပြီး လာမယ့် ဘောလုံးရာသီမှာ နောက်ထပ် ချန်ပီယံလိဂ် ဖလားတစ်လုံးအတွက် သူတို့ ပြန်လာမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို ၁၄ ကြိမ်အထိ ရထား ပြီး လက်ရှိချန်ပီယံလည်းဖြစ်တဲ့ ရီးရဲလ်ဟာ နည်းပြ ဂွါဒီယိုလာရဲ့ အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၅-၁ ဂိုးနဲ့ ရှုံးပြီး ပြိုင်ပွဲကနေ ထွက်သွားခဲ့ရတာပါ။

စီးတီး နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်ဟာ အန်ဆလော့တီအတွက် နည်းပြဘ၀ ချန်ပီယံလိဂ် ၁၉၁ ပွဲမြောက်ဖြစ်ပြီး မန်ယူနည်းပြဟောင်း ဖာဂူ ဆန် တင်ထားခဲ့တဲ့ ပွဲ ၁၉၀ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ပွဲလည်းဖြစ်ပါတယ်။

အဲဒီလိုမျိုး သမိုင်းဝင် စံချိန်တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ညချမ်းမှာ အီတလီသားနည်းပြတစ်ယောက် အိပ်မက်ဆိုးနဲ့ ကြုံခဲ့ရတာပါ။

ဒါပေမဲ့လည်း လာမယ့် ရာသီမှာတော့ ရီးရဲလ်ဟာ သူ့နေရာသူ ပြန်ရောက်လာမှာဖြစ်ပြီး ချန်ပီယံလိဂ် ဖလားတစ်လုံး ထပ်ယူပြဖို့အတွက် ပြန်လာမှာဖြစ်တယ်လို့ အီတလီသားကြီးက ဆိုပါတယ်။

” ကျွန်တော်တို့ထက် အရည်အသွေး ပို ကောင်းပြီး စူးစူးစိုက်စိုက်ရှိတဲ့ အသင်းတစ်သင်းကို ကျွန်တော်တို့ ရှုံးခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ်တုန်းကတော့ ကျွန်တော်တို့က ဆရာကျတာပေါ့။ ဒီနှစ်တော့ သူတို့က ဆရာပေါ့လေ။

ဒီရှုံးပွဲက ကျွန်တော်တို့ကို တော်တော်လေး အထိနာစေပါတယ်။ သူတို့အများကြီး ပိုကောင်းတယ်။ ရွေးစရာမှာ မရှိတော့တာ။ နောက်ရာသီအကြောင်းပဲ စဉ်းစားရဖို့ ရှိတာပေါ့။

လာမယ့်ရာသီကျရင် နောက်ထပ် ချန်ပီယံလိဂ်ဖလား တစ်လုံး ထပ်ယူဖို့အတွက် တိုက်ပွဲဝင်ဖို့ ကျွန်တော်တို့ ဒီကို ရောက်လာဦးမှာ ဖြစ်ပါတယ်။ ကျွန်တော့်အပေါ် သံသယ မရှိကြပါနဲ့။

ဥက္ကဋ္ဌကြီးကလည်း လွန်ခဲ့တဲ့ ၁၅ ရက်လောက်ကတည်းက ပြတ်ပြတ်သားသား ဖြစ်နေပြီလို့ ကျွန်တော် ထင်တယ်။ သူကျွန်တော့်ကို နှစ်ကိုယ် ကြား ပြောခဲ့တာတွေကိုတော့ ဒီမှာ ပြောပြမှာ မဟုတ်ပါဘူး ” လို့ အန်ဆလော့တီက စီးတီးနဲ့ ပွဲအပြီးမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။