ဖလား ၃ လုံး ရယူဖို့ အတွက် ၃ ပွဲပဲ ကစားဖို့ လိုတော့တဲ့ မန်ချက်စတာ စီးတီး

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ရီးရဲလ်ကို ၄-၀ ဂိုးနဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်းရလဒ် ၅-၁ နဲ့ ကျော်ဖြတ်ခဲ့ပြီးတဲ့နောက် မန်စီးတီးအသင်းဟာ ဖလား ၃ လုံးရဖို့အတွက် ၃ ပွဲပဲ ကစားဖို့ လိုပါတော့တယ်။

အခုဆိုရင် စီးတီး ဟာ အိမ်နီးချင်း မန်ယူအသင်း လုပ်ပြခဲ့တဲ့ ၁၉၉၉ ခုနှစ်က သမိုင်းမှတ်တိုင်မျိုး ကို စိုက်ထူနိုင်ဖို့ အရမ်းကို နီးစပ်သွားပြီပဲ ဖြစ်ပါတယ်။

နည်းပြဂွါဒီယိုလာရဲ့ အသင်းဟာ အခု သီတင်းပတ်ထဲမှာ ကစားမယ့် ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲ မှာ အနိုင်ရတာနဲ့တင် ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်မှာ ဖြစ်ပါတယ်။

နောက်ပြီး ဒီလကုန် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာလည်း မန်ယူနဲ့ ဗိုလ်လုပွဲ ကစားဖို့ရှိနေပြီး ချန်ပီယံလိဂ်မှာ ဆိုရင်တော့ အင်တာနဲ့ အတူ တူရကီနိုင်ငံ၊ အစ်စတန်ဘူလ်မှာ ရင်ဆိုင်ရမှာပါ။

ဒါကြောင့် အခုဆိုရင် မန်စီးတီးကစားသမားတွေဟာ ဖလား ၃ လုံးအကြောင်း တွေးနေလောက်ပြီလို့ နည်းပြ ဂွါဒီယိုလာက ရီးရဲလ်ကို အနိုင် ရခဲ့တဲ့ ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

” အခု အဲဒီလိုမျိုး ဖြစ်လာပြီ။ ကစား သမားတွေကလည်း အဲဒီအကြောင်း တွေးနေနိုင်လောက်ပါတယ်။ ဒါကို မြင်ယောင်ကြည့်နေတာမျိုးပေါ့။ ကျွန်တော်တို့ ၃ ပွဲပဲ လိုတော့တာပါ။ ပြိုင်ပွဲ တစ်ခုချင်းစီမှာ တစ်ပွဲပဲ ကစားရတော့မှာ။

အဲဒါကို ကျွန်တော်တို့ လုပ်နိုင်ပါတယ်။ ပရီးမီးယားလိဂ်မှာဆိုရင် တစ်ပွဲပဲ အနိုင်ရဖို့ လိုပြီး အက်ဖ်အေဖလားမှာ ဆိုရင်တော့ အိမ်နီးချင်း မန်ယူနဲ့ပေါ့။ ချန်ပီယံလိဂ်မှာတော့ အီတလီကလပ်ဖြစ်တဲ့ အင်တာမီလန်။

အခုလိုမျိုးနေရာကို ရောက်နေတဲ့အတွက် စိတ်ချမ်းသာရသလို အင်တာမီလန်နဲ့ ရင်ဆိုင်တွေ့နေရတဲ့အတွက်လည်း ပြောမပြ တတ်အောင်ပါပဲ။ နောက်ပြီး ဒီအချိန်အခါ သမယမျိုးမှာ ကျွန်တော်တို့ စိတ်ချမ်းသာနေကြတော့မှာပါ ” လို့ ဂွါဒီယိုလာက ပြောသွားခဲ့ပါတယ်။