ဂွာဒီယိုလာကို ဆာအဲလက်စ် ဖာဂူဆန်နဲ့ တစ်တန်းတည်း သတ်မှတ်ရတော့မယ်လို့ နဗီး နာကျင်စွာ ဝန်ခံ
ဒီရာသီ မန်စီးတီးနဲ့ အတူ ဖလား ၃ လုံးသာရမယ်ဆို ဂွါဒီယိုလာဟာ မန်ယူနည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန်လိုပဲ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးတစ်ယောက်ဖြစ်လာနိုင်ကြောင်း မန်ယူဂန္ထဝင်ဟောင်း ဂယ်ရီနဗီးလ်က ဝန်ခံလိုက်ပါတယ်။
မန်စီးတီးဟာ ဂွါဒီယိုလာလက်ထက်မှာ ပရီးမီးယားလိဂ်ကို ကြီးစိုးနိုင်တဲ့ အင်အားတစ်ရပ်ဖြစ်လာပြီး သူ့ကိုင်တွယ်တဲ့ ၇ နှစ်မှာ ၅ ကြိမ်တိုင် အင်္ဂလန်ချန်ပီယံဖြစ်ခဲ့တာပါ။
ပြီးခဲ့တဲ့စနေက အာဆင်နယ်ရဲ့အရှုံးကြောင့် ဂွါဒီယိုလာရဲ့အသင်းဟာ ပရီးမီးယားလိဂ်မှာ ၃ နှစ်ဆက်အဖြစ် ပူပူနွေးနွေးဗိုလ်စွဲထားပါတယ်။
ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့မှာလည်း ဗိုလ်လုပွဲရောက်နေတာကြောင့် ဒီရာသီ ဖလား ၃ လုံး အောင်မြင်မှုအတွက်လည်း နောက်ထပ် ၂ ပွဲသာ လိုတော့တာပါ။
အင်္ဂလိပ်ဘောလုံးသမိုင်းမှာ အဓိကဖလား ၃ လုံးရဖူးတာဆိုလို့ ၁၉၉၇ ဖာဂူဆန်ရဲ့မန်ယူတစ်သင်းပဲ ရှိပါတယ်။
အဲဒီဖလား ၃ လုံးရအသင်းရဲ့အစိတ်အပိုင်းဖြစ်ခဲ့တဲ့ နဗီးလ်ကလည်း ဂွါဒီယိုလာသာ ဖလား ၃ လုံးရခဲ့ရင် ဖာဂူဆန်နဲ့တစ်တန်းတည်း ဖြစ်နိုင်တယ်ဆိုတာကို ဝန်ခံခဲ့တာပါ။

”ကျွန်တော်က စီးတီးကို ဖလား ၃ လုံးရစေချင်လား။ နိုး နိုး နိုး..ကျွန်တော်ကတော့ မရစေချင်ပါဘူး။ မန်ယူ ပရိသတ် တစ်ယောက်ဆို ဘယ်သူမှ စီးတီးကို ဖလား ၃ လုံး ရစေချင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ သူတို့က ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲခဲ့သလို မန်ယူနဲ့ အင်တာမီလန်တို့ကို အနိုင်ရခဲ့ရင် ကိုယ့်ဘက်က လက်မြှောက်ပြီး ‘ဒီနည်းပြနဲ့ ဒီကစားသမားအုပ်စုမှာ တစ်ခုခုထူးခြားတာကို အောင်မြင်ခဲ့ပြီ’ လို့ ပြောရမှာပါ”လို့ ဂယ်ရီ နဗီးလ်က ဆိုခဲ့ပါတယ်။
ဆက်လက်ပြီး ဂယ်ရီနဗီးလ်က ”ဆာအဲလက်စ်ဖာဂူဆန်ဟာ သမိုင်းမှာ ဖလား ၃ လုံးအောင်မြင်မှုရ တစ်ယောက်တည်း သော နည်းပြဆိုတာနဲ့ ထိုက်တန်ပါတယ်။
တကယ်လို့ ဂွါဒီယိုလာက ဖာဂူဆန်လုပ်ခဲ့သလို လုပ်နိုင်ခဲ့ရင် သူဟာလည်း ဖာဂူဆန်နဲ့ တစ်တန်းတစ်စားတည်း သတ်မှတ်ဖို့ ထိုက်တန်ပါတယ်။
