FA ဖိုင်နယ်ပွဲမှာ ဟာလန်း မပါနိုင်အောင် ပွဲပယ်ပစ်ဖို့ မန်ယူဖန်တွေကတော့ တောင်းဆိုနေကြပါပြီ

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က မန်စီးတီးနဲ့ ချယ်ဆီးပွဲမှာ ဆဲရေးတိုင်းထွာခဲ့တဲ့ ဟာလန်းကို ပွဲပယ်ဖို့ တွစ်တာကနေ တောင်းဆိုနေကြပြီ ဖြစ်ပါတယ်။

မန်စီးတီးတို့ ၃ရာသီဆက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်တဲ့ အဆိုပါရက်မှာ ဟာလန်းဟာ သူ့ရဲ့ မန်စီးတီး ကစားသမား ဘဝ ပထမဆုံးသော အမှတ်ပေးဖလားကို အနိုင်ရခဲ့တာပါ။

ချယ်ဆီးနဲ့ ပွဲ အပြီးမှာ စကိုင်းစပေါ့က ဂရီလစ်ချ်ကို အင်တာဗျူးနေစဉ်မှာ ဟာလန်း “မင်းကို ေ-ာက်ရမ်း ချစ်တယ်ကွာ” လို့ ဝင်ပြောခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဖြစ်ရပ်အတွက် အစီအစဉ် တင်ဆက်သူ Dave Jones က ခပ်မြန်မြန် တောင်းပန်ခဲ့သလို စီးတီး ကစားသမားဟောင်း မီဂါ ရစ်ချက်ကလည်း ခပ်မြန်မြန်ပဲ “ဝါး..။ ဝါး..။ ဝါး..။” လို့ ရယ်မောခဲ့တာ ဖြစ်ပါတယ်။

များစွာသော ဘောလုံးပရိသတ်တွေအတွက် အဆိုပါဖြစ်ရပ်က ရယ်စရာ ကိစ္စ တစ်ခုပဲ ဖြစ်ပေမယ့်လို့ မန်ချက်စတာ ယူနိုက်တက် ပရိသတ် အချို့ကတော့ ၂၀၁၁ တုန်းက ဝိန်းရွန်းနီရဲ့ ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ပြပြီး ဟာလန်းကို ပွဲပယ်ဖို့ တောင်းဆိုခဲ့ကြတယ်။

ထိုစဉ်တုန်းက ဝက်စ်ဟမ်းနဲ့ အမှတ်ပေးပွဲမှာ နောက်ကျ ပင်နယ်တီကြောင့် ရွန်းနီက ဟက်ထရစ်ရခဲ့ပြီး ရုပ်သံကနေ ဆဲရေးမှု လုပ်ခဲ့မိတာပါ။ အဆိုပါဖြစ်ရပ်ကြောင့် ရွန်းနီဟာ ၂ ပွဲပယ် ပြစ်ဒဏ်ကို ရင်ဆိုင်ခဲ့ရပြီး မန်စီးတီးနဲ့ ရင်ဆိုင် ကစားမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို လွဲချော်ခဲ့ပါတယ်။

ရွန်းနီ မပါတဲ့ ယူနိုက်တက်ဟာ မန်စီးတီးကို အရေးနိမ့်မှုနဲ့အတူ အဆိုပါ ရာသီမှာ ရှိတ်မန်ဆော လက်အောက် ပထမဆုံး ဆုဖလားအဖြစ် မန်ချက်စတာ စီးတီးဟာ အက်ဖ်အေဖလား အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီ အက်ဖ်အေဖလား ဖိုင်နယ်မှာ မန်ချက်စတာ နှစ်သင်း ထိပ်တိုက်တွေ့နေတာနဲ့အတူ ဟာလန်းရဲ့ လုပ်ရပ်ကို ရွန်းနီတုန်းကလို ပွဲပယ် ပြစ်ဒဏ်ပေးဖို့နဲ့ ဖိုင်နယ်မှာ နော်ဝေသား မပါနိုင်ဖို့ ယူနိုက်တက် ပရိသတ်တွေက ကြိုးစားလာနေတာ ဖြစ်ပါတယ်။