မန်စီးတီး ဖလား ၃ လုံး မျှော်လင့်နိုင်သွားတာ အာဆင်နယ်ကြောင့် လို့ ဖာဒီနန် ပြစ်တင်စကား ဆို

မြိ့ခံပြိုင်ဘက် မန်စီးတီးအသင်း ဖလား ၃ လုံးမျှော်လင့်ချက်ရှိသွားတာဟာ အာဆင်နယ်ကြောင့်လို့ မန်ယူ ကစားသမားဟောင်းကြီး ရီယိုဖာဒီနန်က ပြစ်တင်စကား ပြောကြားလိုက်ပါတယ်။

လာမယ့်စနေမှာ အင်တာနဲ့ ချန်ပီယံဗိုလ်လုရမယ့် မန်စီးတီးဟာ ၁၉၉၉ က မန်ယူရဲ့ ဖလား ၃ လုံးအောင်မြင်မှုကို လိုက်မီဖို့ နောက်တစ်ပွဲနိုင်ဖို့သာ လိုတော့တာပါ။

ဂွါဒီယိုလာရဲ့အသင်းဟာ မထင်မှတ်ထားတဲ့အခြေအအနေကနေ အာဆင်နယ်ကို ကျော်တက်ပြီး ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲခဲ့ကာ ဝင်ဘလေက အက်ဖ်အေဗိုလ်လုပွဲမှာလည်း ဖာဒီနန်ရဲ့ အသင်းဟောင်းကို ၂-၁ နဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တစ်ယောက်က အက်ဖ်အေဖလားမှာ စီးတီးကို တားဆီးဖို့က ယူနိုက်တက်ရဲ့အလုပ်လို့ ပြောခဲ့တာကို ဖာဒီနန်က သူ့ရဲ့You Tube အစီအစဉ်မှာ ပြန်လည်တုံ့ပြန်ခဲ့တာပါ။

”အဲဒါက မင်းတို့အလုပ်လေကွာ။ မင်းတို့က ပြိုင်ပွဲကာလရဲ့ ၉၃ ရာခိုင်နှုန်းမှာ ဦးဆောင်နေတာလေ။ မင်းတို့က ချန်ပီယံ ဖြစ်နိုင်မယ့် အကောင်းဆုံး အခြေအနေမှာ ရှိခဲ့တာ။ မင်းတို့ပဲ အောင်ဖျာလိပ်သွားတာ”လို့ ဖာဒီနန်က ပြောခဲ့ပါတယ်။

ဒါ့အပြင် ဖာဒီနန်က အက်ဖ်အေဖလားဗိုလ်လုပွဲမှာလည်း သူ့အသင်းဟောင်းအနိုင်ရမယ်လို့ ယုံကြည်မှု မရှိခဲ့ကြောင်း ဆက်လက်ဖွင့်ပြောခဲ့တာပါ။

”အဲဒါက မကန်ခင်ကတည်းက ကြိုသိနေတာပါ။ ငါတို့အနိုင်ရမယ်လို့ ဘယ်လိုစစ်မှန်တဲ့ ယုံကြည်မှုမှ မရှိခဲ့တာပါ ကန်တဲ့နေ့မှာလည်း အခွင့်အရေးက ၅၀/၅၀ ပါ။

ဒါပေမဲ့ တကယ်တမ်းတော့ ၅၀/၅၀ တောင် မဟုတ်ပါဘူး။ သူတို့က ပိုကောင်းအသင်း၊ သူတို့က ကာလရှည်ကြာ အကောင်းဆုံး ပုံစံရှိနေတဲ့ အသင်းဖြစ်ခဲ့တာပါ”လို့ ဖာဒီနန်က ဆက်ပြောခဲ့ပါတယ်။

မန်စီးတီးအသင်း ဖလား ၃ လုံးရသွားမှာကို မလိုလားဆုံးက မြို့ခံပြိုင်ဘက် မန်ယူပရိသတ်တွေ ဖြစ်နေပါတယ်။