ကွန်မြူနတီဒိုင်း ပွဲစဉ် ကို မကြည့်ဘဲ သပိတ်မှောက်ဖို့ ပရိသတ်တွေ လုပ်လာလို့ ပွဲချန် ပြန်ရွှေ့

ဘောလုံး ပရိသတ်များက ပွဲမကြည့်ဘဲ သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်လာမှုကြောင့် မန်စီးတီးနဲ့ အာဆင်နယ် အသင်းတို့ရဲ့ ကွန်မြူနတီဒိုင်းပွဲစဉ် ကစားမဲ့အချိန်ကို အပြောင်းအလဲ လုပ်လိုက်ရပါတယ်။

မန်စီးတီးနှင့် အာဆင်နယ်တို့ဟာ လာမယ့် ဩဂုတ်လ ၆ ရက်နေ့မှာ ကွန်မြူနတီဒိုင်းပွဲကစားသွားရမှာ ဖြစ်ပြီး ယခုအခါ ဒေသတွင်း စံတော်ချိန် ညနေ ၄ နာရီမှာ ကစားလာတော့မှာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းက အက်ဖ်အေဟာ ရုပ်သံကုမ္ပဏီများဖြစ်ကြတဲ့ ဘီဘီစီနှင့် ITV တို့အတွက် အဆင်ပြေ စေရန် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ကစားရန် စီစဉ်ထားခဲ့ပါတယ်။

ဒါပေမဲ့ 1989 အမည်ရှိ မန်စီးတီးပရိသတ်အုပ်စုက ယင်းအချိန်တွင် ပွဲကစားမှုကြောင့် မန်စီးတီး ပရိသတ်များဟာ မန်ချက်စတာသို့ ပြန်ရန် အဆင်မပြေကြောင်း၊ ပရိသတ်များမျက်နှာမကြည့်ဘဲ ရုပ်သံ ကုမ္ပဏီ များရဲ့ မျက်နှာကိုသာ ကြည့်ကာ လုပ်ဆောင်လာတဲ့ ကွန်မြူနတီဒိုင်းပွဲ သွားမကြည့်ကြရန် နှိုးဆော်လာခဲ့ပါတယ်။

လက်ရှိအချိန်တွင် ယင်းနေ့တွင် မီးရထားဝန်ထမ်းသပိတ်အစီအစဉ်မရှိသေးပေမဲ့လည်း နီးကပ်လာတဲ့ အချိန်တွင် မီးရထားဝန်ထမ်းသပိတ်ပေါ်ပေါက်လာဦးမည်ဆိုပါက ပရိသတ်များအတွက် သွားရေးလာရေး ပိုမို ခက်ခဲလာဦးမှာလည်း ဖြစ်ပါတယ်။

ဒီလို ဖိအားပေး တောင်းဆိုမှုတွေကြောင့် ကွန်မြူနတီဒိုင်းပွဲစဉ်ကို ပွဲအပြီးတွင် ပရိသတ်များ အိမ်ပြန်ရန်လည်း အဆင်ပြေစေရန်အတွက် အချိန် စောပြီး ကစားလာတော့မှာ ဖြစ်ပါတယ်။