မန်စီးတီး ကစားသမား ၃ ဦး ကို ခေါ်ဖို့ ဘွန်ဒစ်လီဂါ ကလပ်တွေ ခြေချင်းလိမ်နေကြပါပြီ

ဒီနွေမှာ မန်စီးတီးဟာ ကစားသမားကောင်း များစွာကို လက်လွတ်သွားရဖွယ် ရှိနေကာ ဂွာဒီယိုလာ အတွက် လူစာရင်း သွေးသစ်လောင်းမှုတွေ ပြုလုပ်ရဖွယ် ရှိနေပါတယ်။

မနှစ်ကရာသီ ဖလား၃ လုံးအောင်မြင်မှုမှာ အဓိကကျခဲ့တဲ့ အသင်းခေါင်းဆောင် ဂွမ်ဒိုဂန်ကို ခေါ်ယူဖို့ ဘာစီလိုနာဘက်က သဘောတူညီမှု ရသွားခဲ့ပြီဖြစ်ကာ နောက်ထပ် ကွင်းလယ်လူဖြစ်တဲ့ ဘာနာဒို ရဲ့ အနာဂတ်က မသေချာသေးပါဘူး။ ဒီလို အခြေအနေမှာ ကန်ဆယ်လိုကလည်း အသင်းပြောင်းဖို့ ရှိနေတာပါ။

ဘွန်ဒက်လီဂါ ကလပ်တွေဖြစ်တဲ့ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း မန်စီးတီး အသင်းထံကနေ ဝေါ်ကာ၊ ကီဗင်ဖီးလစ်နဲ့ ကိုးပါးမားတို့ကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း စကိုင်းစပေါ့ သတင်းထောက် Christian Falk က ဖော်ပြလာပါတယ်။

BILD ကနေ သတင်းထောက်ဖြစ်သူက ပြောရာမှာ “ ဝေါ်ကာကို ပထမဆုံး ချိတ်ဆက်တာက သောမက်စ်တူချယ်ပါ။ သူက မန်စီးတီးနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ ပွဲပြီးတည်းက ဝေါ်ကာကို ဘိုင်ယန်တို့ ခေါ်ယူရေး အခွင့်အရေးရှိမယ် ယူဆနေတာပါ ” လို့ ဖော်ပြခဲ့တယ်။

ဘိုင်ယန်အစွန်လူ ပါဗက်ရဲ့ အေးဂျင့်တွေဟာ သူတို့ ကစားသမားကို ခေါ်ယူနိုင်ကြောင်း မန်စီးတီးကို ချိတ်ဆက်ပေမယ့် အခြေအနေ တိုးတက်မလာသေးပါဘူး။ ဝေါ်ကာကို လက်လွတ်ရရင် စီးတီးက ညာအစွန်လူသစ် တစ်ဦးကို ရှာဖွေရဖွယ် ရှိပါတယ်။

Falk ကပဲ ဆက်လက်ပြီး “ ကယ်ဗင် ဖီးလစ်ကိုလည်း ဘိုင်ယန်က ခေါ်ယူလိုပါတယ်။ တာဝန်ရှိသူတွေက အပြောင်းအရွှေ့အတွက် ဆွေးနွေးပေမယ့် အခုချိန်ထိတော့ အပြောင်းအရွှေ့အတွက် ကမ်းလှမ်းမှု မရှိသေးပါဘူး။

ဒေါ့မွန်ကလည်း မန်စီးတီး အကယ်ဒမီထွက်ဖြစ်သလို ၂၀၂၆ ခုနှစ်ထိ စာချုပ် ရှိနေသေးတဲ့ အသက် ၂၁ နှစ် အရွယ် ကိုးပါးမားကို ခေါ်ယူလိုနေပါတယ်။ ” လို့ ဖော်ပြခဲ့ပါတယ်။

စီးတီးဟာ ဒီနွေမှာ ကိုဗာဆစ်၊ ဒီကလန်ရိုက်စ်၊ ဂါဗာဒီယိုတို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀၀ ကျသင့်နိုင်တာ ဖြစ်ပါတယ်။