မန်စီးတီးက ဂွမ်ဒိုဂန်၊ မန်ဒီနဲ့ နောက်ထပ် ကစားသမား ၂ ဦးကို အလွတ်ဖြင့် ထွက်ခွင့်ပြုကြောင်း ကြေညာ
မန်စီးတီးအသင်းဟာ သူတို့ကစားသမား ၄ ဦးကို ဒီနေ့မှာပဲ အလွတ်ဖြင့် ထွက်ခွင့်ပေးခဲ့ကာ ဘာစီလိုနာထံ ပြောင်းရွှေ့သွားတဲ့ ဂွမ်ဒိုဂန်နဲ့ ပေါင် ၅၂ သန်းဖြင့် ခေါ်ယူထားတဲ့ မန်ဒီတို့လည်း ပါဝင်ခဲ့ပါတယ်။
ဒီနွေစျေးကွက်မှာ အရှိန်အဟုန်ဖြင့် လှုပ်ရှားခြင်း မလုပ်သေးတဲ့ မန်စီးတီးဟာ ဂွမ်ဒိုဂန် နေရာမှာတော့ ပေါင် ၂၅ သန်းဖြင့် ကိုဗာဆစ်ကို ခေါ်ယူထားခဲ့ပြီ ဖြစ်ပါတယ်။ ကွင်းလယ်အတွက် ဒီကလန်ရိုက်စ်ကို ချိတ်ဆက်ပေမယ့်လို့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကြောင့် လက်လွတ်ခံခဲ့ပါတယ်။
မန်ဒီကတော့ ၂၀၁၇ မှာ မိုနာကိုကနေ စီးတီးထံ ပေါင် ၅၂ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။ ၂၀၂၀ မှာ အဖမ်းခံခဲ့ရပြီးတည်းက သူဟာ မန်စီးတီး လူစာရင်းမှာ ပါဝင်ခြင်း မရှိတော့ပါဘူး။ ဘယ်အစွန်လူနေရာဟာ ဒီနွေမှာ ဂွာဒီယိုလာ အားဖြည့်လိုမယ့် နေရာလို့ ယူဆရတယ်။
နည်းပြဂွာဒီယိုလာက တိုက်စစ်မှာ ဂရီလစ်ချ် စိတ်ကြိုက် ကစားနိုင်ဖို့ရာ ဘယ်အစွန်လူ ခေါ်ယူရေးအစား ခံစစ်တန်းကို ၃ ယောက်တန်းအဖြစ် ပြောင်းလဲကာ ဘယ်ခြမ်း ဗဟိုခံစစ်မှူးသစ် ခေါ်ယူဖို့ကိုလည်း သဘောကျနေပါတယ်။ လိုက်ဗစ်မှ ဂါဗာဒီယိုဟာ စီးတီးထံ ခံစစ်မှူး တစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ကြေးဖြင့် ရောက်ဖွယ် ရှိပါတယ်။
နောက်ထပ် ကစားသမား နှစ်ဦးကတော့ ကွင်းလယ်လူတွေဖြစ်တဲ့ Terrell Agyemang နဲ့ Rowan McDonald တို့ပဲဖြစ်ကြပါတယ်။
