ဟာလန်းထံ ဘာတွေ အကြံတောင်းထားသလဲ ဖွင့်ဟလာတဲ့ လီဗာပူး ကစားသမားသစ် ဆိုဘိုစလိုင်း

လီဗာပူး ကွင်းလယ်လူသစ် ဒေါမနစ် ဆိုဘိုစလိုင်းက အင်္ဂလန်ကို မပြောင်းခင်မှာ တချိန်က အသင်းဖော်ဟောင်း ဟာလန်းထံက အကြံဉာဏ်တွေ ရယူသွားမယ့် အကြောင်း ထုတ်ပြောလာပါတယ်။

လိုက်ဇစ်ကနေ ဒေါ့မနစ်ကို ခေါ်ယူဖို့ လီဗာပူးအသင်းက ပေါင် သန်း ၆၀ ပေးထားရတာပါ။ အသက် ၂၂ နှစ်ပဲ ရှိသေးတဲ့ ဟန်ဂေရီသားဟာ အန်ဖီးထံ ၅ နှစ် စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပါတယ်။

မာဆေးဆိုဒ်ကို ပြောင်းလာမယ့် ဒေါ့မနစ်က ဆဲလ်ဘတ်အသင်းမှာ အသင်းဖော် အဖြစ် တွဲကစားခဲ့ပြီး လက်ရှိ မာဆေးဆိုဒ်ဘေးနားက မန်ချက်စတာမှာ ရှိနေတဲ့ ဟာလန်းထံက နယ်မြေသစ်မှာ အခြေချရေး လိုအပ်တဲ့ အကူအညီတွေ တောင်းယူသွားဖွယ် ရှိပါတယ်။

” ကျနော်တို့ စကားပြောခဲ့ကြပါတယ်။ အိမ်ရှာဖို့လည်း ဟာလန်းကပဲ အများကြီး ကူညီပေးပါတယ်။ ကျနော်တို့ အိမ်နီးနားချင်းတောင် ဖြစ်လာနိုင်ပါတယ်။ လီဗာပူးနဲ့ မန်ချက်စတာမှာ တိတ်တိတ်ဆိတ်ဆိတ် နေနိုင်ဖို့ သူ့ထံကပဲ အကူအညီ ယူရမှာပါ။ သူ့ရဲ့ အကြံပေးမှုတွေကို နားထောင်ပါမယ်။

လီဗာပူး vs မန်စီးတီး ထိပ်တိုက်တွေ့တဲ့ ပွဲတွေမှာတော့ ကျနော်တို့ရဲ့ ခင်မင်မှုကို ဘေးချိတ်ထားမှာပေါ့ဗျာ။ ကျနော်တို့ အချင်းချင်း ရင်ဆိုင်ရတာက သိပ်ကောင်းတဲ့ အတွေ့အကြုံ ဖြစ်လာပါလိမ့်မယ် ” လို့ ဒေါမနစ်က ပြောခဲ့ပါတယ်။

တချိန်က ဆဲလ်ဘတ်မှာ ရင်းနှီးတဲ့ အသင်းဖော်ဟောင်းတွေ ဖြစ်ခဲ့ကြတဲ့ ဟာလန်းနဲ့ ဒေါမနစ်တို့ဟာ ရာသီသစ်မှာတော့ ပြိုင်ဘက်တွေအဖြစ် ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။