ဘောလုံးရာသီ စဖို့ ၆ ပတ် အလိုထိ မရေရာတဲ့ မန်စီးတီး အနေအထား အပေါ် ပက် ဂွာဒီယိုလာ မှတ်ချက်ပြု
မန်စီးတီးနည်းပြ ဂွါဒီယိုလာက လာမယ့်ရာသီအစမတိုင်ခင် ဖလား ၃ လုံးချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အသင်း လူစာရင်းနဲ့ ပတ်သက်ပြီး ဘာစိတ်ကူးမှ မရှိသေးကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။
မန်စီးတီးဟာ တနင်္ဂနွေနေ့တုန်းက ဂျပန်မှာ ရာသီကြိုခြေစမ်းပွဲအတွက် ပြင်ဆင်နေတာဖြစ်ပြီး စီနီယာ ကစားသမားတွေနဲ့အတူ မေးခွန်းထုတ်စရာ ရှိနေတာဖြစ်ပါတယ်။
နည်းပြ ဂွါဒီယိုလာက ဘိုင်ယန်ကစိတ်ဝင်စားနေတဲ့ ကိုင်လီဝေါ်ကာရဲ့အခြေအနေနဲ့ပတ်သက်ပြီး သူ့အနာဂတ်အတွက် ဆုံးဖြတ်ချက်မချရသေးကြောင်း ပြောကြားခဲ့သလို အသင်းကနေ ဘာနာဒိုဆေးလ်ဗား နဲ့ လာပေါ်တီတို့လည်း ထွက်ခွာနိုင်သေးတဲ့ အနေအထား ဖြစ်ပါတယ်။
စီးတီးရဲ့ရာသီအစက မသေချာမှုတွေရှိနေပြီး နောက်ထပ်သမိုင်းသစ်တစ်ခုစတင်ဖို့ကလည်း ၆ ပတ် လောက်သာ လိုတော့တာဖြစ်ပါတယ်။
“အပြောင်းအရွှေ့အပြီးမသတ်ခင်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ဘယ်လို အသင်းမျိုးရှိလဲ ဆိုတာကိုပေါ့။ အရိုးသားဆုံးဝန်ခံရရင် အခုလှုပ်ရှားမှုနဲ့ပတ်သက်ပြီး မစဉ်းစားရသေးပါဘူး။
အများကြီးဖြစ်ပျက်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်သေချာမဖြေနိုင်သေးတာဖြစ်ပြီး ဘာကြောင့်လဲဆိုတော့ ကျွန်တော် မသိသေးလို့ပါ။ အသင်းနဲ့အတူကစားချင်တဲ့ အကောင်းဆုံး ကစားသမားတွေ ကို ကျွန်တော် လိုချင်ပါတယ်။
ကိုင်လီနဲ့လည်း စကားပြောဖြစ်သလို အရာအားလုံးက မှန်ကန်ပါတယ်။ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ဘာမဆိုဖြစ်နိုင်တာကြောင့် ကျွန်တော် မပြောနိုင်သေးတာပါ။ သူ ဒီအကြောင်းကို တွေးနေပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
စီးတီးဟာ ခရိုအေးရှားနောက်ခံလူ ဂါဗာဒီအိုကို ပစ်မှတ်ထားနေပေမယ့် လိုက်ပ်ဇစ်တောင်းဆိုတဲ့တန်ကြေးနဲ့ မကိုက်ညီသေးတာဖြစ်ပြီး ကိုဗာဆစ်ကိုပဲ ချဲလ်ဆီးထံကနေ ခေါ်ယူထားနိုင်ခဲ့ပါတယ်။
ဂန်ဒိုဂန်ထွက်ခွာမှုနဲ့အတူ မာရက်ဇ်လည်းထွက်ခွာဖွယ်ရှိနေပြီး ကန်ဆယ်လိုကလည်း အခုနွေမှာ အသင်း ပြောင်းဖို့ များနေပါတယ်။
စီးတီးလူစာရင်းထဲမှာ မက်စ်အတီး ၊ အော်စကာဘော့ဘ် ၊ ပယ်လ်မာတို့လည်း ပါဝင်လာခဲ့ပါတယ်။ စီးတီးဟာ လေ့ကျင့်ခန်းဆင်းပြီး ၃ ရက်အကြာ ဒီနေ့မှာပဲ ယိုကိုးဟားမားအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် ကွန်မြူနတီဖလားပွဲမှာ အာဆင်နယ်နဲ့ကစားရမှာဖြစ်ပါတယ်။
